KNU နယ်မြေမှာ ခြောက်လကျော်အတွင်း အရပ်သားထိခိုက်သေဆုံးသူ ၃ဝဝ ကျော်ရှိ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒီနှစ် ခြောက်လကျော်အတွင်း အရပ်သား ၃၁၇ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က RFA ကိုပြောပါတယ်။

စစ်ကောင်စီက ပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်တာကြောင့် အရပ်သားထိခိုက်သေဆုံးတာ ပိုများလာတယ်လို့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကပြောပါတယ်။

"KNU နယ်မြေအတော်များများမှာ တိုက်ပွဲတွေ နေစဉ်ဖြစ်ပွားနေပြီး လက်နက်ကြီးနဲ့ ရမ်းပစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေလည်း နေ့စဉ်ရှိနေပါတယ်၊ စစ်တပ်က ပြည်သူတွေကိုပစ်မှတ်ထားပြီး တရားလက်လွတ်ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေလည်း ဖြစ်ပွားနေပါတယ် "

ဇန်နဝါရီလကနေ ဇူလိုင်က တတိယပတ်အထိ KNU တပ်မဟာ ၇ ခုမှာ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် သေဆုံးသူ ၃၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၈ ဦးရှိပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သေဆုံးသူ ၁၀၆ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၃၇ ဦး ရှိတယ်လို့ စောနန္ဒဆူးက ပြောပါတယ်။

ဒီထိခိုက်သေဆုံးသူတွေမှာ ကလေးသူငယ်နဲ့ အမျိုးသမီးသေဆုံးမှုက အများဆုံးဖြစ်ပြီး အရေအတွက်အတိအကျတော့ မသိသေးဘူးလို့လည်း သူကပြောပါတယ်။

ဒီစာရင်းဟာ လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းသာဖြစ်ပြီး လက်တွေ့မှာ ပိုများနိုင်တယ်လို့လည်း သူက ပြောပါတယ်။

အရပ်သားသေဆုံးမှု အများဆုံးကတော့ တပ်မဟာ ၅ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးက တပ်မဟာ ၆ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကြီး အပစ်ခံရတာအများဆုံးကတော့ KNU တပ်မဟာ ၁ ဖြစ်တယ်လို့လည်း KHRG စာရင်းတွေအရ သိရပါတယ်။

ဒီလိုအရပ်သားတွေထိခိုက်သေဆုံးရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် KNU ထိန်းချုပ်နယ်မြေထဲမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ခြောက်သိန်းနီးပါး ရှိနေပြီလို့ KNU က ထုတ်ပြန်ထားပါတယ်။