တစ်နှစ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးကြောင်း KNU ထုတ်ပြန်

RFA Burmese
2025.01.24
တစ်နှစ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးကြောင်း KNU ထုတ်ပြန် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ခူသေစိုးတပ်စခန်းကို သိမ်းပိုက်ပြီးနောက် ပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားစဉ်။
Karen National Union

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သုံးထောင်ကျော် (၃,၁၃၆ ဦး) သေဆုံးပြီး နှစ်ထောင်ကျော် (၂,၂၂၅ ဦး) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ KNU က သတင်းထုတ်ပြန်ပါတယ်။

KNU နယ်မြေတွေမှာ ဝင်ရောက်ကျူးကျော်တပ်စွဲတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲပေါင်း သုံးထောင်ကျော် (၃,၂၂၉ ကြိမ်) ဖြစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထဲက KNU တပ်မဟာ ၃ နယ်မြေမှာ တိုက်ပွဲပေါင်း ၇၅၁ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ထောင်နီးပါး (၉၉၁ ဦး) သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။ တပ်မဟာ ၃ နယ်မြေတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက် သေဆုံးမှု အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

တပ်မဟာ ၅ မှာတော့ တိုက်ပွဲအကြိမ်ရေ တစ်ထောင်နီးပါး (၉၄၇) ထိ ဖြစ်ခဲ့ပြီး တိုက်ပွဲအများဆုံးဖြစ်တဲ့ တပ်မဟာဖြစ်သလို စစ်ကောင်စီတပ်သား ၅၉၆ ဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အရာရှိ အရာခံတွေအပါအဝင် သုံးထောင်ကျော်သေဆုံးခဲ့သလို ဗျူဟာမှူးအဆင့်ကနေ အောက်ခြေတပ်သားအထိ ရာနဲ့ချီတဲ့စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

KNLA၊ KNDO နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း တစ်ရာကျော်သေဆုံးပြီး ၃၂၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီနှစ်ဖက်ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတယ်ဆိုတာနဲ့ပတ်သက်လို့လည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲတွေမှာတော့ စစ်ကောင်စီတပ်က အရာရှိအရာခံတွေအပါအဝင် တပ်သား ငါးထောင်ကျော် (၅,၀၀၅ ဦး) သေဆုံးပြီး သုံးထောင့်သုံးရာကျော် (၃,၃၄၅ ဦး) ထိခိုက်ဒဏ်ရာရခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့ တစ်ရာ့ငါးဆယ်ကျော် (၁၅၄ ဦး) သေဆုံးပြီး ခြောက်ရာနီးပါး (၅၉၇ ဦး) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းက KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၅၂,၇၂၉ ဦး) အထိ ရှိလာပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။