ဖာပွန်ခရိုင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

RFA Burmese
2024.11.04
ဖာပွန်ခရိုင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: KIC

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ အောက်တိုဘာလကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၂၉ ဦး သေဆုံးခဲ့ကြောင်း KNU မူတြော်ခရိုင်က နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) မှာ အောက်တိုဘာ ၁ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ တစ်လအတွင်း KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပေါင်း ၁၃၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၉ ဦးသေဆုံးခဲ့သလို ၃ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူးတစ်ဦးနဲ့ ဒုတပ်ရင်းမှူးတစ်ဦးတို့ပါဝင်ပြီး KNLA ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီရဲ့ စစ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့က ထိခိုက်သေဆုံးတာကိုတော့ ထည့်သွင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးဆန် ၃၆၉ လုံးပစ်ခတ်တိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေအိမ် ကိုးလုံး၊ စာသင်ကျောင်းဆောင်တွေနဲ့ အရပ်သားတွေရဲ့ လယ်ယာစိုက်ခင်းတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။