အာဏာရှင်စနစ်ကို ဆက်ပြီးတိုက်ဖျက်ဖို့ KNU ထပ်ပြီးအတည်ပြု

၇၂ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့တွင် KNU တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
၇၂ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့တွင် KNU တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (Karen Information Center -KIC)

လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိဖို့ ဆက်ပြီးလုပ်ဆောင်မယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက မေလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ (၁၇) ကြိမ်မြောက်ကျင်းပတဲ့ KNU ကွန်ဂရက်အပြီး ဗဟိုအလုပ်အမှုဆောင် အသစ်တွေ ရွေးချယ်အပြီးမှာ အခုလို ထုတ်ပြန်လာတာပါ။

အဲဒီကွန်ဂရက်မှာ ကရင်အမျိုးသားတွေရဲ့ ရသင့်ရထိုက်တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရဖို့ အခြေခံလမ်းစဉ်နဲ့ ရှေ့လုပ်ငန်းစဉ်တွေအတိုင်း ကရင် တစ်မျိုးသားလုံးနဲ့အတူ ရပ်တည်လုပ်ဆောင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရေးနဲ့ အမျိုးသားတန်းတူရေးအတွက် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစု၊ လူထုလူတန်းစားအသီသီးနဲ့အတူ လက်တွဲညီညီ ပူးပေါင်းဆောက်ရွက်မယ်လို့လည်း KUN က ပြောပါတယ်။

(၁၇) ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးမှာ ဗဟိုအမြဲတမ်းကော်မတီ အဖွဲ့ဝင် ၄၅ ဦး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၁၁ ဦးနဲ့ ဗဟိုတရားသူကြီးချုပ်တစ်ဦးကို ရွေးချယ်ခဲ့ပြီး KNU ဥက္ကဋ္ဌကတော့ ပဒိုစောကွယ်ထူးဝင်း ဖြစ်လာပါတယ်။