လိပ်ကျွန်းအမှု လူငယ်နှစ်ဦး ထောင်ပြောင်း ခံရပြန်
2016.01.28
ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ကို နတ်ခွန်စီထမရတ် အကျဉ်းထောင်မှာ ထိန်းသိမ်းထားရာက ဇန်နဝါရီလ ၂၇ ရက်နေ့က ဘန်ကောက်မြို့အနီး နွန်ထပ်ဘူရီခရိုင် ဘန်ခွမ် ဗဟိုအကျဉ်းထောင်ကို ထပ်မံ ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
ထောင်ပြောင်းရွှေ့လိုက်တာနဲ့ ပတ်သက်ပြီး ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ HRDF လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့က မအေးမာချို က RFA ကို အခုလို ပြောဆိုပါတယ်။
"နွန်ထပ်ဘူရီထောင် ကို ပြောင်းသွားပြီ၊ အာဏာပိုင်တွေပြောတာကတော့ ဒီမှာခဏလာထားတာပဲတဲ့၊ အပြစ်ကြီးတဲ့ အမှုသည်တွေဆိုရင် ခုနကထောင်ကိုပို့လိုက်ရတာပေါ့နော်"
မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်ချမှတ်ပြီးတဲ့နောက် ကော့စမွေအကျဉ်းထောင်ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ နခွန်စီထမရတ်ထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီထောင်တွင်းမှာ သူတို့အပေါ် အခွင့်အရေး ချိုးဖောက်ခံရမှုတွေရှိတယ်လို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သူတွေ က ပြောဆိုခဲ့ပြီးနောက် အခုလို ဘန်ခွမ်ဗဟိုအကျဉ်းထောင်ကို ထပ်မံပြောင်းရွှေ့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
သူတို့အတွက် အယူခံတင်နိုင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ထိုင်းရှေ့နေများ ကောင်စီအဖွဲ့ဝင်တွေနဲ့ ကူညီပံ့ပိုးပေးနေကြသူတွေ တွေ့ဆုံခဲ့ကြပြီး လာမယ့် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ မတိုင်မီအမှုမှာ အဓိကကျတဲ့ DNA မျိုးရိုးဗီဇ အပါအဝင် အချက်အလက်တွေ စုဆောင်းရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာလူငယ်နှစ်ဦး စိတ်ဓါတ်မကျဆင်းစေဖို့အတွက် နှစ်ပတ်တစ်ကြိမ် ထောင်ဝင်စာသွားတွေ့ဖို့ စီစဉ်ထားခဲ့ပြီးဖြစ်ပါတယ်။ အခု ထပ်မံပြောင်းရွှေ့လိုက်တဲ့ ဗဟိုအကျဉ်းထောင်မှာ ထောင်ဝင်စာ သွားတွေ့နိုင်ဖို့ ထပ်မံကြိုးစားသွားမှာဖြစ်တယ်လို့လည်း ကူညီသူတွေက ပြောပါတယ်။