နမ့်ဖတ်ကာမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

လက်နက်ကြီးကျည် ထိမှန်သည့် အမျိုးသမီးအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ကွတ်ခိုင် ဆေးရုံသို့ ပို့ဆောင်ထားစဉ်။
လက်နက်ကြီးကျည် ထိမှန်သည့် အမျိုးသမီးအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ကွတ်ခိုင် ဆေးရုံသို့ ပို့ဆောင်ထားစဉ်။ (Citizen Journalist)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် - မူဆယ်လမ်းပိုင်း နမ့်ဖတ်ကာ ဇီးဒဘန်ရွာမှာ ဇူလိုင်လ ၁၈ ရက်နေ့ညနေ ၆ နာရီလောက်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် ကလေးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး ကိုးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရခဲ့တာလို့ အမည်မဖော်လိုတဲ့ နမ့်ဖတ်ကာရွာခံ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။

“နမ့်ဖတ်ကာကနေ မူဆယ်ဘက်ထွက်တဲ့ဘက်မှာ ကောင်းရာရွာဆိုတာ ရှိတယ်လေ။ မနေ့ကညနေပိုင်း အဲဒီရွာမှာတိုက်ပွဲဖြစ်တာ။ စစ်တပ်က ကောင်းရာရွာမှာ အထိုင်ချတော့ KIA က သွားတိုက်တယ်ထင်တယ်။ အပြန်အလှန် ပစ်ကြတာ။ လက်နက်ကြီးတွေနဲ့ပဲပစ်တာ။ အဲဒါ နမ့်ဖတ်ကာအထွက်နားက ဇီးဒဘန်ရွာက အိမ်ရှေ့မှာ တစ်လုံးကျတော့ အဲကလေးက ထိသွားတာ။ သူအမေနဲ့ ညီလေးလည်းထိတယ်”

သေဆုံးသွားတဲ့ ကလေးငယ်ဟာ ဝမ်းဗိုက်ကို လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာဖြစ်ပြီး အသက် ၄၇ နှစ်အရွယ် မိခင်နဲ့ ကိုးနှစ်အရွယ် ညီဖြစ်သူတို့လည်း ဝမ်းဗိုက်နဲ့ ဦးခေါင်းမှာ ကျည်အစထိမှန်တာကြောင့် ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာမပြင်းထန်တာကြောင့် နမ့်ဖတ်ကာဆေးရုံမှာပဲ ဆေးကုသပေးနေတယ်လို့ ဒဏ်ရာရသူတွေကို ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။

နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီရဲ့ (ခလရ - ၁၂၃) တပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သလို KIA ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ နေအိမ်အချို့ လက်နက်ကျည်ထိမှန်တာနဲ့ မီးလောင်ပျက်စီးတာတွေ ရှိခဲ့ပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ နမ့်ဖတ်ကာ ဒေသခံတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာလမ်းပိုင်းမှာ ဇူလိုင်လ ၁၆ ရက်နေ့နောက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲတွေ မကြာခဏဖြစ်နေတာပါ။

တိုက်ပွဲ‌အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ပါ လှုပ်ရှားနေတာပါ။

ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွာအနီးမှာ TNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ဘက်က ဇူလိုင်လ ၁၈ ရက်မနေ့က သတင်းထုတ်ပြန်ထားပါတယ်။