ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ကာလိုင်လမ်းခွဲအနီးမှာရှိတဲ့ တုံဆင်လေးရွာမှာ နိုဝင်ဘာ ၂၈ ရက်နေ့ ည ၁၁ နာရီက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် တစ်ဦးအပါအဝင် မိသားစုဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။
အသက် ခုနစ်နှစ်အရွယ် သမီးဖြစ်သူနဲ့ အသက် သုံးဆယ်ကျော်အရွယ် မိခင်ဖြစ်သူတို့က နေရာမှာတင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူကတော့ ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ချိန်မှာ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တုံဆင်ရွာမှာဖြစ်တာ ဟုတ်တယ်ဗျ။ မိသားစု ခုနစ်ယောက်ရှိတာမှာ သုံးယောက် သေသွားတာ။ မနေ့က သေသွားတာ နှစ်ယောက် ဒီမနက်ဆေးရုံမှာ။ ဒဏ်ရာရထားတဲ့ သူတို့အဖေ ထပ်ပြီးသေသွားတာ”
တုံဆင်လေးရွာဘက်မှာ မနေ့က တိုက်ပွဲဖြစ်တာ မရှိဘဲ ကွတ်ခိုင်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်နေတာခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီလက်နက်ကြီးကျည်ကို စစ်ကောင်စီတပ်ကနေ ပစ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီဟာ ကွတ်ခိုင်မြို့နယ်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားတာပါ။
နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်းကတည်းက ကွတ်ခိုင်မြို့နယ်အတွင်းမှာ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းအချို့လည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲကြီးကြီးမားမား ဖြစ်တာမရှိသေးပေမယ့် ဒေသအတွင်းမှာတော့ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် ကာလိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒေသအတွင်း လူမှုကူညီရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့စာရင်းအရ မြောက်ပိုင်း သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၂၈ ရက်အထိ ကွတ်ခိုင်မြို့နယ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပါတယ်။