ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့မှာ တိုက်ပွဲပြင်းထန်နေ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၆ ရက် ဒီနေ့မနက်အစောပိုင်းမှာ ကရင် အမျိုးသားအစည်းအရုံး (KNU) နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သလို စစ်ကောင်စီ တပ်ဘက်ကလည်း လေကြောင်းကနေ ပြန်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်သံကွင်းမြို့ပေါ်အထိ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ နတ်သံကွင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“Mi-35 နဲ့ ရပ်ကွက် (၃)၊ ရပ်ကွက် (၄) တွေထဲထိ ဝင်ပစ်တယ်။ အရပ်သားတစ်ယောက် ထိထားတယ်။ ဂျက်ဖိုက်တာကတော့ ဝဲရုံပဲဝဲတယ်။ တိုက်ပွဲက ဒီနေ့နေ့လယ်ထိ မပြီးသေးဘူး။ လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်းပဲ။ အကုန်ထွက်ပြေးနေရတယ်”

နတ်သံကွင်းမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေသလို ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့ကို ဆက်သွယ်ထားတဲ့ စစ်တောင်းမြစ်ကူးတံတားလည်း ဒီနေ့မနက်မှာပဲ ဗုံးခွဲဖျက်ဆီးခံထားရ တယ်လို့ သူက ဆိုပါတယ်။

တိုက်ပွဲမှာ KNU ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်နှစ်ဖက်စလုံး အထိအခိုက်အကျအဆုံး တွေရှိနေပြီး လက်ရှိတိုက်ပွဲဖြစ်နေဆဲဖြစ်တာကြောင့် အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

KNU ဗဟိုရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက KNU ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲပေါင်း ကိုးထောင်ကျော် ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံ လေးသိန်းကျော် ထွက်ပြေးနေရပါတယ်။