နတ်သံကွင်းတိုက်ပွဲ ရဲနဲ့စစ်သား ၃၀ သေဆုံး၊ PDF တပ်ဖွဲ့ဝင် လေးဦးသေဆုံး

RFA Burmese
2023.06.06
နတ်သံကွင်းတိုက်ပွဲ ရဲနဲ့စစ်သား ၃၀ သေဆုံး၊ PDF တပ်ဖွဲ့ဝင် လေးဦးသေဆုံး ဖျက်ဆီးခံခဲ့ရသည့် ကျောက်ကြီးမြို့နယ် နတ်သံကွင်းတံတားကို တွေ့ရစဉ်။
Citizen Journalist

ဇွန်လ ၆ရက် မနက်ကဖြစ်ပွားတဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲနဲ့ စစ်သား ၃ဝ လောက် သေဆုံးပြီး PDF တပ်ဖွဲ့ဝင် လေးဦး​ သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး တင်ဦးက ပြောပါတယ်။

ကျောက်ကြီးမြို့နယ် နတ်သံကွင်းကို KNU/ KNLA၊ PDF ပူးပေါင်းတပ်တွေ ဇွန်လ ၆ ရက်နေ့ မနက် ၄ နာရီမှာစတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းမှာ အရေးပါတဲ့ နတ်သံကွင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အမှတ် ၂ စစ်ဒေသခွဲရဲ့ ပဲခူး၊ ရန်ကုန်၊ မွန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ KNU/KNLA စတဲ့တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးအတွင်း နတ်သံကွင်းရဲစခန်း တံတားအရှေ့ကင်း အနောက်ကင်းအပါအဝင် ရေတွင်းကုန်းရွာနားနဲ့ ဘုံသတော ရွာနားစတဲ့ ပစ်မှတ် ငါးနေရာကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းနဲ့ စစ်ကောင်စီဘက်က ရိုင်ဖယ်သေနတ် သုံးလက်အပါအဝင် လက်နက်ခဲယမ်းနဲ့ ငွေကြေးတစ်ချို့ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောဆိုတာနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ပြောဆိုချက်တွေ မရရှိသေးသလို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါဘူး။

ဒါ့အပြင် နတ်သံကွင်း တိုက်ပွဲနဲ့ တံတားမိုင်းခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူဆီကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိသလို စစ်ကောင်စီကလည်း တစ်စုံတစ်ရာသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။