ကျောက်မဲနဲ့ သီပေါမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

RFA Burmese
2024.08.28
ကျောက်မဲနဲ့ သီပေါမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် လေကြောင်းတိုက်ခိုက်ခံရသည့် ကျောက်မဲမြို့ အထက ၂ ကျောင်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ်။
Photo: RFA

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ ကျောက်မဲမြို့တွေကို စစ်ကောင်စီက ဩဂုတ်လ ၂၇ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကျောက်မဲမြို့ တိလင်ရပ်ကွက် အထက - ၂ ကျောင်းဝင်းအတွင်း ဩဂုတ်လ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညသန်းခေါင်လောက် လေယာဉ်နဲ့ လာကြဲသွားတာ။ ဂျက်တိုက်လေယာဉ်နဲ့ လာပစ်တာ။ မိုးကြိုးပစ်သလိုပဲ။ လူထိခိုက်တာတော့မရှိဘူး။ အနီးအနားက အိမ်တွေတော့ ပြိုသွားတယ်”

မနေ့က တစ်ရက်တည်းမှာပဲ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သီပေါမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြို့လယ်ကောင်ထဲကို လာချသွားတာ။ သစ်ပင်ထိလို့ အောက်ကလူတွေသက်သာတာ။ ဒါတောင် နှစ်ယောက် သေသွားတယ်”

သီပေါမြို့အထွက်က စစ်ကောင်စီ တပ်စခန်းတွေ ကို TNLA တပ်ဖွဲ့က ဝိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လနီးပါးအတွင်း အရပ်သားနှစ်ဆယ်ခန့် သေဆုံးတယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

၁၀၂၇ စစ်ဆေးရေး ဒုတိယပိုင်းမှာ တအာင်းတပ်မတော် (TNLA) နဲ့ PDF ပူးပေါင်းတပ်တွေက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ မြို့နယ်တွေကို သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။