ကျောက်မဲနဲ့ သီပေါမှာ TNLA ရဲ့ စစ်သားစုဆောင်းရေးကြောင့် ဒေသခံတွေ အခက်ကြုံ
2025.01.25

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနဲ့ ကျောက်မဲမြိုနယ်တွေမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တစ်အိမ်တက်ဆင်း စစ်သားစုဆောင်းနေတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ ကျောက်မဲမြို့ခံတွေက RFA ကို ဇန်နဝါရီလ ၂၅ ရက် ဒီနေ့မှာ ပြောပါတယ်။
TNLA အနေနဲ့ တအာင်းတိုင်းရင်းသားတွေကို ရပ်ကွက်နဲ့ ကျေးရွာတွေအလိုက် အစည်းအဝေးခေါ်ယူပြီးနောက် လူသစ်ပေးဖို့တောင်းဆိုမှုတွေ ရှိနေသလို သားသမီးတွေ အိမ်မှာမရှိရင် မိဘတွေကို ခေါ်ယူထားတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အစည်းအဝေးဆိုပြီး ခေါ်တယ်ဗျာ။ သားသမီးတွေ မရှိရင် မိဘတွေကိုခေါ်ထားပြီး သားသမီးနဲ့ လာရွေးခိုင်းတာ။ တချို့ ကလေးတွေက အသက် ၁၂ နှစ်၊ ၁၃ နှစ်တွေ မိဘတွေက အသက် ၅၀၊ ၆၀ အရွယ်တွေလည်း ခေါ်ထားတာ။ အဲဒီလိုမျိုး လုပ်တာတော့ မဖြစ်သင့်ဘူးထင်တယ်”
သီပေါနဲ့ ကျောက်မဲမြို့တို့မှာ အခုရက်ပိုင်းအတွင်း လူငယ် တစ်ရာကျော်ကို TNLA ဘက်က စစ်သားစုဆောင်းရေး အတွက် ဖမ်းဆီးသွားပြီး သင်တန်းကျောင်းတွေကိုပို့ဖို့ ပြင်ဆင်နေပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေလည်း ပါဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ပြောခွင့်ရသူ လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ စစ်သားစုဆောင်းရေးမူအရ အိမ်တစ်အိမ်မှာ အသက် ၁၈ နှစ် ပြည့်ထားတဲ့ မိသားစုဝင် နှစ်ဦးရှိရင် တစ်ဦးက စစ်မှုထမ်းရမှာ ဖြစ်တယ်လို့ တုံ့ပြန်ပြောပါတယ်။
စစ်သားစုဆောင်းရေးမူနဲ့ မကိုက်ညီတဲ့ အသက်မပြည့်သေးသူတွေ၊ အသက်ကြီးသူတွေကို အတင်းအဓမ္မ စုဆောင်းတာမျိုးရှိရင် TNLA လူထုဆက်ဆံရေး စင်တာကနေတစ်ဆင့် တိုင်ကြားနိုင်တယ်လို့ လွေးယေဦးက ပြောပါတယ်။
ဒေသခံတွေကတော့ TNLA တပ်ဖွဲ့ဝင်တချို့ရဲ့ မြေပြင်မှာ စစ်သားစုဆောင်းရေး လုပ်ဆောင်ချက်တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းဘောင်တွေကို ကျော်လွန်နေတာကြောင့် ထိပ်ပိုင်းတာဝန်ရှိသူတွေအနေနဲ့ ကြီးကြပ်ပေးဖို့ လိုနေတယ်လို့ ထောက်ပြကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သီပေါနဲ့ ကျောက်မဲမြို့တွေကို TNLA သိမ်းပိုက်ထားပြီး မြို့ကို ပုံမှန် လည်ပတ်နိုင်ဖို့အတွက် အုပ်ချုပ်ရေးစနစ်တွေ အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။