ကျောက်နီမော် ထောင့်ချိန်ရွာ ဗုံးကြဲခံရမှု တစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

RFA Burmese
2025.01.24
ကျောက်နီမော် ထောင့်ချိန်ရွာ ဗုံးကြဲခံရမှု တစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ်အတွင်းရှိ ထောင့်ချိန်ရွာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။
Arakan Princess Media

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ်အတွင်းက ထောင့်ချိန်ရွာကို ဇန်နဝါရီ ၂၃ ရက်နေ့ ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီအခြေအနေကို သိတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၂၀ ကျော်အရွယ် ထောင့်ချိန်ရွာ ဒေသခံဖြစ်တဲ့ ကိုခင်မောင်အေးဟာ နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသား နှစ်ဦးနဲ့ ၁၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်နီမော် တိုက်နယ်အတွင်းမှာ လတ်တလော တိုက်ပွဲဖြစ်ပွားနေတာ မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တပ်ဘက်က ကျောက်နီမော်ကို တော်တော်လေး အငြိုးထားပုံရတယ်ဗျ။ အမြဲတမ်း လေကြောင်းကနေ တိုက်နေတော့လေ။ ဒေသခံတွေဆို အခုအိမ်မှာ သိပ်မနေရဲကြတော့ဘူးလို့ ကြားတယ်။ အရင်က နေ့ဘက်ပဲ လေကြောင်းရန် ရှောင်ကြတာ။ အခု နေ့ရော ညရော လေကြောင်းကင်းလွတ်တဲ့နေရာတွေမှာ ရှောင်ပုန်းနေကြတယ်။ တော်တော်လည်း ကြောက်နေကြတယ်"

ထိခိုက်ဒဏ်ရာရသူတွေဟာ မျက်နှာ၊ ဝမ်းဗိုက်နဲ့ ခြေထောက်တို့ကို ဗုံးစထိမှန်ခဲ့ပြီး လိုအပ်တဲ့ဆေးကုသမှုတွေ လုပ်ပေးထားတာကြောင့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးလို့ ဆိုပါတယ်။

ဗုံးကြဲခံလိုက်ရတဲ့ ကျောက်နီမော်တိုက်နယ်အတွင်းက ထောင့်ချိန်ရွာမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရခက်ခဲတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မသိရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သေးသလို ရခိုင်ပြည်နယ်က စစ်ကောင်စီပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄၁ ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတစ်နှစ်တာအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ အရပ်သား ခုနစ်ရာကျော်နဲ့ ဒဏ်ရာရသူ ၁၅၀၀ ကျော်ရှိတယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။