ကျောက်ဖြူမှာ ဗုံးကြဲခံရပြီး ဆေးရုံနဲ့ နေအိမ်တချို့ ပျက်စီး
2025.03.11

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့ တိုက်နယ်ဆေးရုံနဲ့ ကပ်သပြေရွာကို စစ်ကောင်စီတပ်က မတ်လ ၁၀ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တိုက်နယ်ဆေးရုံ အဆောက်အအုံ အပါအဝင် နေအိမ် နှစ်ဆယ်ခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စနဲမြို့ တိုက်နယ်ဆေးရုံကို ကျောက်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ တောင်မော်ကြီး ရေတပ်စခန်းကနေ ဒရုန်းတွေလွှတ်တင်ပြီး တိုက်ခိုက်ခဲ့တာလို့ ကျောက်ဖြူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အသေခံဒရုန်းနှစ်စင်းနဲ့ လာပြီးဗုံးကြဲတာပါ။ ခွဲစိတ်ဆောင်ကို တိုက်ရိုက်ထိပြီး ပျက်စီးသွားတယ်။ ဒေသခံတွေကတော့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။ အဲဒီမှာ ကုသမှုတွေ မလုပ်တော့ဘူး။ ဆေးရုံတက်နေတာတွေလည်း မရှိဘူးလေ”
အဲဒီနေ့တစ်ရက်တည်းမှာ ကပ်သပြေရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး နေအိမ်နှစ်ဆယ်ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
မတ်လ ၆ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ဦးဂင်းရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် ၁၇၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာပါ။ စစ်ကောင်စီတပ်ကလည်း ဒရုန်းတွေ၊ ဂျက်တိုက်လေယာဉ်တွေအပြင် မြစ်ထဲမှာရှိတဲ့ စစ်ရေယာဉ်တွေကနေ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်မှာ လတ်တလော တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူ တစ်သောင်းကျော်နဲ့ တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုတင်တိမ်းရှောင်သူ တစ်သောင်းကျော် စုစုပေါင်း ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သောင်းကျော်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။