ကျောက်ဖြူ ကွမ်းယာဆိုင်တွေ ၈ နာရီပိတ်
2016.07.01

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ မှုခင်းကျဆင်းရေးအတွက် အရက်ဆိုင်တွေအပြင် ကွမ်းယာဆိုင်တွေကိုပါ ည ၈ နာရီမှာ ပိတ်ခိုင်းထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ညပိုင်းတွေမှာ လူငယ်တွေအချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်တာ၊ မူးယစ်ရမ်းကားတာတွေရှိနေတဲ့အတွက် အခုလို စည်းကမ်းထုတ်လိုက်တာဖြစ်တယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်း က ပြောပါတယ်။
"ညဘက်မှာစရိုက်ကြမ်းတာလေးတွေ ရှိတယ်ပေါ့လေ၊ ဆိုင်ကယ်မောင်းတဲ့ကိစ္စလေးတွေ၊ လူငယ်လေးတွေ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တဲ့ကိစ္စလေးတွေ စသည်ဖြင့်ပေါ့လေ အဲ့လိုမျိုးအကြောင်းချင်းရာကြောင့် ပါ၊ မေတ္တာရပ်ခံထားတာတော့ အားလုံ ၈ နာရီလောက်တော့ မေတ္တာရပ်ခံထားတာပေါ့၊ တရားဝင်ကြီး စာကြီးတွေပေကြီးတွေနဲ့ ညွှန်ကြားတာတော့ မရှိပါဘူး၊ တစ်ယောက်နဲ့တစ်ယောက် ရန်တွေအုပ်စုတွေဖွဲ့ပြီး ရန်ဖြစ်တာတွေပေါ့ဗျာ၊ အဲ့ဒါတွေက မကောင်းဘူးပေါ့လေ သူတို့အတွက်လည်း၊ ညဘက်မှာအပြင် လည်ချင်တဲ့သူတောင်မှ မလည်ဝံ့တဲ့သဘောလေးတွေရှိတာပေါ့ဗျာ၊ အဲ့လိုမျိုးလေးတွေရှိလာရော၊ အဲ့ဒါတွေကို ကျနော်တို့ကနေပြီးတော့ လွတ်လွတ်လပ်လပ်ဖြစ်အောင်ဆိုပြီးတော့ ကျနော်တို့က စီမံဆောင်ရွက်တာပေါ့"
အဲ့ဒီစည်းကမ်းချက်ကို အုပ်ချုပ်ရေး အာဏာပိုင်တွေက ရပ်မိရပ်ဖတွေ၊ စားသောက်ဆိုင်တွေ၊ ကွမ်းယာဆိုင်တွေနဲ့ ညှိနှိုင်းပြီး ဇွန်လ ၂၁ ရက်နေ့က စတင်ထုတ်ပြန်ခဲ့တာပါ။
ဘယ်နေ့မှာ အဲ့ဒီစည်းကမ်းကို ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက်တော့ ထုတ်ပြန်ထားတာ မရှိသေး ပါဘူး။ ကျောက်ဖြူမြို့မှာ လူငယ်တွေဟာ ညအချိန်ဆိုရင် ကွမ်းယာဆိုင်တွေမှာ စုဝေးတတ်ကြပြီး မကြာခဏ ရန်ဖြစ်ကြသလို၊ မူးယစ်ဆေးဝါးသုံးစွဲနေသူ များလာတယ်လို့ ပြောပါတယ်။