ကျောက်ဖြူမှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ကျောင်းသူတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး ဒီဇင်ဘာ ၃ ရက် ဒီနေ့ မနက်က ကျောင်းသူတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် မအေးမြင့်မြတ်အောင်ဟာ PDF ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ရဲနဲ့စစ်သားတွေက သူမရဲ့ နေအိမ်ကနေ လာရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အခု လက်ရှိတော့မှာ မအေးမြင့်မြတ်အောင်ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ် မ- ၅၀(ည) နဲ့ အမှု ဖွင့်ထားပြီး ကျောက်ဖြူအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

မအေးမြင့်မြတ်အောင်ဟာ တောင်ကုတ်တက္ကသိုလ်မှာ ပထမနှစ် တက်ရောက်မယ့် ကျောင်းသူတစ်ဦးဖြစ်ပြီး PDF နဲ့ဆက်စပ်တယ်၊ ငွေကြေးထောက်ပံ့တယ်ဆိုတာ မဟုတ်ဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကျောက်ဖြူမြို့မရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရသူဟာ ဒီကနေ့အထိ အမျိုးသမီး ငါးဦးနဲ အမျိုးသားသုံးဦး စုစုပေါင်း ရှစ်ဦး ရှိသွားပြီဖြစ်ပါတယ်။ အဲဒီအထဲမှာ သံတွဲမြို့နယ်က အများဆုံးဖြစ်ပြီး တောင်ကုတ်၊ မြောက်ဦးစတဲ့ မြို့နယ်တွေကလည်း တစ်ဦးစီ ပါဝင်ပါတယ်။