ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားရှစ်ဦးသေဆုံး
2024.10.10
ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို အောက်တိုဘာ ၁၀ ရက်နေ့ ညနေက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားရှစ်ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ညနေလေးနာရီဝန်းကျင်က ကျောက်တော်မြို့ထဲကို စစ်ကောင်စီက ဗုံးသုံးလုံးကြဲတာကြောင့် အရပ်သားရှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေများတယ်လို့ ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။
ကျောက်တော်မြို့မှာ ဖုန်းလိုင်းမရတာကြောင့် သေဆုံးဒဏ်ရာရသူတွေထဲ အမျိုးသား၊ အမျိုးသမီး အရေအတွက်နဲ့ ကလေးတွေပါဝင်မှု ရှိ၊ မရှိ အတိအကျမသိရသေးဘူးလို့လည်း ကိုဝေဟင်အောင်က ပြောပါတယ်။
စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ကိုဝေဟင်အောင်က ပြောပါတယ်။
"အရပ်သား ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်တယ်ဆိုကတည်းက စစ်ရာဇဝတ်မှုကို ထမင်းစား ရေသောက်အဆင့်ထိ ချိုးဖောက်နေတာကြာပြီဖြစ်နေတဲ့ စစ်တပ်ဖြစ်တယ်"
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရတာနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ရခိုင်ဒေသအခြေစိုက်မီဒီယာဖြစ်တဲ့ Arakan Bay News မှာတော့ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ထဲကို ဗုံးကြဲတာကြောင့် အရပ်သားခြောက်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကလေးတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်မှာရှိတဲ့ တန်းလွဲရွာမမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နှစ်စင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၅ ဦး ပွဲချင်းပြီးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာတင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် လူ ၉၃ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားတာ အချိန်တစ်နှစ်နီးပါး ကြာမြင့်လာနေပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁ဝ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။