မြန်မာစစ်တပ်အပေါ် ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်ဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း

မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို အရေးယူနိုင်အောင် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ "အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး- ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု" နဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို နောက်ဆက်တွဲအကောင်အထည်ဖော်နိုင်ဖို့အတွက် ပိုမိုအားကောင်းတဲ့ ဆုံးဖြတ်ချက်အဆိုတစ်ခု ထပ်မံချမှတ်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

စစ်ကောင်စီက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုမိုများပြား လာနေသလို၊ အဲဒီလို အကြမ်းဖက်တာကို စစ်ရေးနည်းဗျူဟာအဖြစ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ပဋိပက္ခဖြစ်ပွားရာ နေရာတွေက အမျိုးသမီးတွေအပါအဝင် တစ်နိုင်ငံလုံးက အမျိုးသမီးတွေကို ကာကွယ်ပေးဖို့၊ စစ်တပ် ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်စေဖို့၊ ပြစ်ဒဏ်ကျခံရမှုကနေ ကင်းလွတ်နေတဲ့ စစ်တပ်ကို ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ ချမှတ်ဖို့ အပါအဝင် အချက် ငါးချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆောင်ရွက်ပေးဖို့ ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ပါတယ်။