ကျွန်းလှမြို့နယ်က စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် နေရပ်မပြန်နိုင်သေး
2024.11.26
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံ တစ်သောင်းကျော် နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးဒုက္ခသည်တွေက RFA ကို နိုဝင်ဘာလ ၂၆ ရက် ဒီနေ့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ရွာတွေကို စီးနင်းနေတာကြောင့် ကုက္ကိုလ်ကုန်း၊ တောင်ယာဆိပ်၊ လွှတ်တိုက်၊ မဒေါင်၊ တကိုး စတဲ့ ရွာပေါင်း ဆယ့်နှစ်ရွာခန့်က အရပ်သား တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါ။
လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေဟာ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတာကြောင့် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခုရာသီက ဆောင်းတွင်းလည်းဖြစ်တော့ သက်ကြီးရွယ်အိုတွေကတော့ နည်းနည်းလေးတော့ ကျန်းမာရေးက စိုးရိမ်ရတယ်ပေါ့။ ပြေးကြလွှားကြတဲ့အထဲမှာ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေပါတယ်။ နောက်ပြီးတော့ အသက်ကြီးပိုင်းတွေ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်ပိုင်းတွေက ရွာတွေထဲနေရင် မလုံခြုံတော့ဘူးပေါ့နော်။ သတ်ဖြတ်ခံရတာတွေ ရှိနေတယ်။ အဲဒါကြောင့် သက်ကြီးရွယ်အိုတွေက ပြေးနေရတာ ကြာပြီဆိုတော့ ဆောင်းတွင်းကလည်း တစ်အားအေးတယ်ပေါ့နော်။ စောင်တွေလည်း လိုတယ်”
စစ်ဘေးဒုက္ခသည်တွေဟာ ဦးဝါသဝရဲ့ ပြည်သူ့စစ်တပ်ဖွဲ့မရှိတဲ့ ကျေးရွာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
အချိန်ကြာလာတဲ့နဲ့အမျှ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လှူဒါန်းမှုတွေ တဖြည်းဖြည်း နည်းပါးလာသလို ရိက္ခာလိုအပ်မှုတွေလည်း များလာတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက် ဒီနေ့မှာ တောင်ယာဆိပ်ကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီစစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က နိုဝင်ဘာ ၂၆ ရက် ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီးနောက် နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်း လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲရွာက နေအိမ် ငါးရာခန့် မီးရှို့ဖျက်ဆီးခံထားရပါတယ်။