လိုင်ဇာမြို့ကပြည်သူတွေ သတိထားနေထိုင်ဖို့ KIO သတိပေး

ကချင်ပြည်နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့က ပြည်သူတွေအနေနဲ့ သွားတာလာတာသတိထားဖို့ KIO အုပ်ချုပ်ရေးဌာနက ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး လိုက်လံ သတိပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းမှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့တိုက်ပွဲဖြစ်နေပြီး လိုင်ဇာမြို့ဘက်ကိုပါ လက်နက်ကြီးတွေနဲ့ ပစ်နေတာကြောင့် အခုလို သတိပေးတာလို့ ဆိုပါတယ်။

ည ၉ နာရီဆိုရင် စျေးဆိုင်တွေပိတ်ဖို့၊ အချိန်မတော် သောက်စားမူးယစ်တာ မလုပ်ဖို့နဲ့ အရေးတကြီး သွားလာဖို့ လိုတဲ့သူကလွဲရင် သွားတာလာတာမလုပ်ဖို့ သတိပေးထားတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ညစျေးတန်းနဲ့ စျေးဆိုင်တွေ ည ၉ နာရီဆို သိမ်းဖို့ပေါ့။ အချိန်မတော် သောက်စားမူးယစ် သွားလာနေတာတွေ မလုပ်ဖို့။ အိပ်ချိန်မှာ မီးတွေကို ပိတ်ပြီး အိပ်ဖို့တွေ အုပ်ချုပ်ရေးဌာနက လိုက်အော်တာ သုံးညလောက်ရှိပြီ။ အဓိကတော့ လေယာဉ်တွေလာနိုင်တယ် ပြီးတော့ လက်နက်ကြီးတွေ ပုံမှန်ပစ်ထည့်နေတာလေ ဒီမှာက”

ကချင်လွတ်မြောက်ရေးကောင်စီ (KIC) ကလည်း စစ်ကောင်စီဟာ လိုင်ဇာမြို့ဘက်ကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် သတိနဲ့ နေထိုင်ဖို့နဲ့ ပြည်သူတွေကိုလည်း အချိန်မတော် မူးယစ်စားသောက်နေတာတွေ မဖြစ်အောင် ညွှန်ကြားဖို့ ဇူလိုင်လ ၁၅ ရက်နေ့မှာ အုပ်ချုပ်ရေးဌာနကို ညွှန်ကြားထားတာပါ။

KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အခုလို သတိပေးတာက ပြည်သူတွေရဲ့ လုံခြုံရေးကို စဉ်းစားတာလို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ၁၇ ရက်အတွင်း ထိပ်တိုက်တိုက်ပွဲ ဆယ်ကြိမ်ထက် မနည်းရှိခဲ့ပြီး လက်နက်ကြီးတွေနဲ့ နှစ်ဖက်ပစ်ခတ်တာလည်း နေ့တိုင်းလိုလို ရှိနေတာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ အင်အားရာချီနဲ့ ဆက်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲရက်ကြာနိုင်သေးတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့က စတင်ပြီး KIA ဌာနချုပ်လိုင်ဇာအနီးက နမ်ဆန်ယန်ရွာဘက်ကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး မြစ်ကြီးနား - ဗန်းမော်လမ်းကိုလည်း နှစ်ဖက်စလုံး ပိတ်ထားပါတယ်။