လိုင်ဇာက ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းကို အကူအညီလျှော့ချ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအနီးက ဂျေယန် (Jeyang) စစ်ဘေးဒုက္ခသည်စခန်းအတွက် ကူညီထောက်ပံ့နေတာတွေကို အခုဇူလိုင်လကစပြီး လျှော့လိုက်တာကြောင့် စစ်ဘေးဒုက္ခသည်တွေ ပိုခက်ခဲသွားတယ်လို့ ဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အရင်က တစ်ယောက်ကို တစ်လဆန်ခြောက်ပြည်ရပေမယ့် အခု တစ်လလေးပြည်သာ ရတော့တယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“KIO အနေနဲ့လည်း ကူညီအဖွဲ့တွေအနေနဲ့လည်း ကျွန်တော်တို့ကို အကြိမ်ကြိမ်တွေ့ဆုံပြီး ပြောတာရှိတယ်။ ၂၀၂၃ ခုနှစ်ကပြီး ကျွန်တော်တို့ စစ်ဘေးဒုက္ခသည်ဖြစ်တဲ့ နှစ်လည်းကြာလာပြီဖြစ်တဲ့အတွက် နေရပ်ပြန်ပြီး သွားလုပ်စားလို့ရလာပြီ အဲလိုလုပ်ရအောင်လို့ ပြောတာကြာပြီ။ နိုင်ငံရေးလည်း ကောင်းလာပြီဆိုတော့ အပြီးနေရပ်ပြန်တာ မဟုတ်ရင်တောင် တချို့က စခန်းမှာနေပြီး ခွန်အားရှိတဲ့သူတွေရွာပြန် တတ်နိုင်သလောက် တောင်ယာလယ်ယာတွေသွားလုပ်ပြီး စားသောက်ကြပေါ့။ ပြီးတော့ နိုင်ငံရေးအခြေအနေကြောင့် သယ်ယူရာမှာလည်း အခက်အခဲဖြစ်တယ်လို့ သိရတယ်။ အဲအခြေအနေတွေကြောင့် အခုလို လျှော့လိုက်တာပေါ့”

အရင်က ဆန်အပြင် ဆီ၊ ဆားနဲ့ ကုလားပဲတွေပါ ထောက်ပံ့ခဲ့ပေမယ့် အခုလကစပြီး ဆန်လည်းလျှော့လိုက်သလို ဆီ၊ ဆားနဲ့ ကုလားပဲအစား တစ်ယောက်ကို ကျပ်ငွေခုနစ်ထောင်သာ ထောက်ပံ့တော့တယ်လို့ ဆိုပါတယ်။

လိုင်ဇာအနီး လက်ရှိတိုက်ပွဲတွေကြောင့် မြစ်ကြီးနား - ဗန်းမော်လမ်း ပိတ်ထားတဲ့အတွက် ကုန်ဈေးနှုန်းတွေတက်နေပြီး ပဲဆီတစ်ပိဿာကို ကျပ်နှစ်သောင်းအထိ ပေးဝယ်နေရတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လာမယ့် အောက်တိုဘာလကနေစပြီး ဆန်ထောက်ပံ့တာကိုပါ ရပ်လိုက်မှာ ဖြစ်သလို ပိုပြီးခက်ခဲတဲ့မိသားစုတွေကို ကျပ်နှစ်သောင်းနဲ့ နည်းနည်းအဆင်ပြေတဲ့ မိသားစုကို ကျပ်တစ်သောင်းခွဲသာ ထောက်ပံ့တော့မှာလို့လည်း စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တစ်ဦးကတော့ တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး အလုပ်အကိုင်တွေ ရှားပါးလာချိန် အခုလို အကူအညီလျှော့တာ စားဝတ်နေ‌ရေး အတော်ခက်ခဲသွားပြီလို့ RFA ကို ပြောပါတယ်။

“အခုအတိုင်းဆိုရင်တော့ ဘယ်လိုမှ စားမလောက်တော့။ အလုပ်အကိုင်လည်း မရှိဘူး။ အလုပ်အကိုင်ရှိရင်တောင်မှ တချို့မိသားစုတွေက လူခွဲမရှိတော့ အလုပ်မလုပ်နိုင်ဘူး။ ခက်တဲ့မိသားစုတွေက တော်တော်ကို ခက်ခဲသွားမှာ။ ဆန်ပြန်မထောက်ပံ့ဘဲ ပိုက်ဆံပဲပေးတော့မယ်ဆိုရင်တော့ ပိုဆိုးတော့မှာ”

အဲဒီစခန်းကို ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) အဖွဲ့က အဓိကကူညီနေတာလို့ ဆိုပါတယ်။

အဲဒီစခန်းမှာ ကချင်ပြည်နယ် ဝိုင်းမော်၊ မြစ်ကြီးနား၊ မိုးမောက် စတဲ့မြို့နယ်တွေမှာရှိတဲ့ ရွာပေါင်း ၇၀ ကျော်က ဒုက္ခသည်ရှစ်ထောင်ကျော်ရှိပြီး ၂၀၁၁ ခုနှစ်၊ ကချင်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲနောက်ပိုင်းကတည်းက ခိုလှုံနေကြရတာပါ။

စစ်ဘေးဒုက္ခသည်စခန်းကနေ နေရပ်ပြန်ပြီး စိုက်ပျိုးရေးသွားလုပ်နေသူတွေလည်း ဇူလိုင်လ ၂ ရက်နေ့က နမ်ဆန်ယန်နားမှာဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် စိုက်ခင်းတွေကို ပြန်သွားကြည့်လို့ မရတော့ဘဲ အကုန်ပစ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းသာမက လိုင်ဇာမြို့အနီးက ဝေကျိုင်၊ ဖုန်လွမ်ယန် စတဲ့စခန်းတွေမှာလည်း အကူအညီတွေ လျော့နည်းသွားတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။