မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေဟာ မိုးကြီးတာ၊ ရေကြီးတာနဲ့ မြေပြိုတာကြောင့် မူလနေရာကနေ တခြားနေရာကို ရွေ့လျားတက်လို့ တွေ့ရင်မကိုင်တွယ်ကြဖို့ မြေမြှုပ်မိုင်းအသိပညာပေးရေးအဖွဲ့ (Explosive Ordnance Risk Education in Myanmar) က မေလ ၁၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ကိုယ်မသိတဲ့ပစ္စည်းတွေကို ကိုင်တွယ်တာ၊ ထိမိတာနဲ့ နေရာရွှေ့တာ၊ ထုခွဲတာတွေ မလုပ်ဖို့နဲ့ အဲဒါတွေဟာ မြေမြှုပ်မိုင်း ဒါမှမဟုတ် စစ်ကျန်လက်နက်ပစ္စည်းတွေ ဖြစ်နေနိုင်တယ်လို့လည်း ဆိုပါတယ်။
မိုခါမုန်တိုင်းဖြတ်သန်းရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်လျှောက်မှာ နေထိုင်ကြသူတွေ အနေနဲ့ မသင်္ကာစရာ ပစ္စည်းတွေတွေ့ရင် ရပ်ရွာအချင်းချင်း သတင်းအချက်အလက်ပေးဖို့နဲ့ ရပ်ရွာကိုယ်စားပြုသူတွေကို အသိပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်ဝါရီလကနေ မတ်လအထိ နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၇၃ ဦးသေဆုံးပြီး ၂၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ၂၀၂၃ ခုနှစ်၊ ဧပြီလထဲမှာ ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲ အသက် ၁၈ နှစ်အောက်ကလေးငယ် ၂၄ ဦးသေဆုံးပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။