ဖြူးမှာ မြေမြှုပ်မိုင်းကြောင့် ကလေးငယ်လေးဦး သေဆုံး

RFA Burmese
2023.07.26
ဖြူးမှာ မြေမြှုပ်မိုင်းကြောင့် ကလေးငယ်လေးဦး သေဆုံး ပဲခူးတိုင်း၊ ဖြူးမြို့တစ်နေရာကို တွေ့ရစဉ်။
mohigan

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အင်ပင်သာရွာထိပ်မှာ ဇူလိုင်လ ၂၅ ရက် ညနေပိုင်းက ကလေးငယ်တွေ ဆော့ကစားနေချိန် မြေမြှုပ်မိုင်းပေါက်ကွဲတာကြောင့် လေးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေက အသက်ငါးနှစ်အရွယ်တွေဖြစ်ကြတဲ့ မောင်ဖိုးလပြည့်၊ မောင်၀သန်မိုး၊ မောင်ငပေါက်နဲ့ အသက် ၁၂ အရွယ် မောင်အေးချမ်းမောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကတော့ အသက်ခြောက်နှစ်အရွယ် မောင်ထိန်လင်းနဲ့ အသက် ၅၀ အရွယ် ဦးမင်းနိုင်တို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်ပင်သာရွာထိပ်က စာကြည့်တိုက်နားမှာ ကလေးငယ်တွေ လာရောက်ဆော့ကစား နေချိန် မြေမြှုပ်မိုင်းပေါက်ကွဲခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အင်ပင်သာအဝင် ရွာထိပ်တည့်တည့်မှာ ဇရပ်ပုံစံလေးပေါ့နော်၊ စာကြည့်တိုက်လေး ရှိတယ်။ သုံးဖက်ပွင့် တစ်ဖက်ပိတ်နံရံပေါ့နော် အဲဒီအနောက်နားလေးမှာ ရေအိုးစင်လေးလည်းရှိတယ်။ ချုံပုတ်လေးတွေလည်းရှိတယ်။ အဲဒီမှာ ကလေးတွေ လာကစားရင်းနဲ့ ထိသွားတာပေါ့နော်"

အင်ပင်သာရွာကို စစ်ကောင်စီတပ်စစ်ကြောင်း မကြာခဏ ဝင်ရောက်လေ့ရှိပြီး စစ်တပ်အတိုင်ချထားတဲ့ ဘုရားလဟာရွာနဲ့လည်း နှစ်မိုင်လောက်ပဲဝေးတယ်လို့ သူကဆိုပါတယ်။

အခုမြေမြှုပ်မိုင်းဟာလည်း စစ်ကောင်စီတပ် စစ်ကြောင်းတွေလာရောက်ချိန်က ထောင်ထားခဲ့တဲ့မိုင်းလို့ ဒေသခံတွေပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ကျောက်တံခါးမြို့နယ်၊ ငါးဖယ်အင်းရွာထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အသက် ၁၂ အရွယ် ကလေးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်းအရှေ့ခြမ်းက ဒေသခံ တစ်သိန်းနီးပါး (၉၈,၁၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။