ဖလမ်းမြို့နယ် ရမ်ထလိုရွာမှာ မြေမြှုပ်မိုင်းကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

2023.04.18
ဖလမ်းမြို့နယ် ရမ်ထလိုရွာမှာ မြေမြှုပ်မိုင်းကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာမှာ မြေမြှုပ်မိုင်းနင်းမိသည့် ဇနီးမောင်နှံနှစ်ဦးအား တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာမှာ ဧပြီ ၁၇ ရက်နေ့က တောင်ယာသွားတဲ့ ဇနီးမောင်နှံနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဇနီးဖြစ်သူသေဆုံးကာ အမျိုးသားဖြစ်သူ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၀ အရွယ် ဒေါ်မဆန်းဟာ ဖလမ်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ချိန်မှာပဲ သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့လင်မယား တောင်ယာသွားတဲ့လမ်းမှာ နင်းမိတာပေါ့။ မိန်းမဖြစ်သူက ဆေးရုံပို့တဲ့လမ်းပဲ ဆုံးသွားတယ်။ သူ့ယောကျ်ားကတော့ ညာဘက်ခြေထောက်မှာ ဒဏ်ရာတော်တော်ပြင်းထန်တယ်။ သူ့တို့မှာ ကလေးတွေလည်း ငါးယောက် ကျန်ခဲ့တယ်"

အဲဒီမြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တာလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဧပြီ ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ ဟားခါးမြို့ကို တက်လာတဲ့ စစ်ကောင်စီ တပ်သားတွေက ရမ်ထလိုရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၉ လုံး မီးလောင်ခဲ့သလို ဧပြီ ၁၀ ရက်နေ့ ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးခြောက်လုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၃ ရက်နေ့ကလည်း မတူပီမြို့နယ်၊ လေဆင်းရွာက အသက် ၇၃ နှစ်အရွယ် အမျိုးသားတစ်ဦး ခြံစိုက်ခင်းသွားချိန် မြေမြှုပ်မိုင်းနင်းမိခဲ့ပြီး ညာဘက်ခြေထောက် ဒဏ်ရာရခဲ့ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ စာရင်းအရ စစ်အာဏာသိမ်းစကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ဒဏ်ရာသူ ၂၂ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။