အင်းတော်မြို့နယ်မှာ ဒေသခံနှစ်ဦး မိုင်းနင်းမိလို့ သေဆုံး
2023.07.27
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်ပင်ကျေးရွာက ဒေသခံအမျိုးသားနှစ်ဦးဟာ ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက မိုင်းနှစ်လုံးနင်းမိလို့ ပေါက်ကွဲရာမှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၀ ကျော်အရွယ် ကိုတင်မျိုးမြင့်နဲ့ အမည်မသိရသေးသူတစ်ဦးဟာ ဆိပ်သာရွာကို ဝက်သွားရောင်းပြီးအပြန် အင်ပင်ရွာထိပ်မှာ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
မိုင်းပေါက်ကွဲတဲ့နေရာမှာပဲ နှစ်ဦးစလုံး သေဆုံးသွားတာလို့ အင်းတော်မြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သင်္ဂြိုဟ်ဖို့ အလောင်းကောက်တာ တစ်ခုချင်းစီ လိုက်ကောက်ရတာ။ ခြေတွေ၊ လက်တွေ၊ သွားတွေ အကုန်ပြတ်ထွက်ကုန်တာ။ ဝက်ရောင်းပြီး ရလာတဲ့ ပိုက်ဆံတွေလည်း မီးလောင်ကုန်တယ်။ သနားဖို့ကောင်းပါတယ်။ သူတို့က အင်ပင်ရွာကနေ စစ်ရှောင်နေရတာ ကြာပြီ။ ဝက်ရောင်းပြီးအပြန် ရွာထိပ်က သူတို့လယ်ကို အခြေအနေဝင်ကြည့်ပြီး ပြန်အထွက်မှာ နင်းမိတာပါ"
အင်ပင်မြို့ကျေးရွာမှာ ဒီနှစ်အစောပိုင်းကတည်းက စစ်ကောင်စီရဲ့ တပ်မ-၈၈ လက်အောက်ခံ၊ ခမရ-၃၀၁ တပ်ရင်း အချိန်တော်တော်ကြာ တပ်စွဲနေထိုင်ခဲ့တာကြောင့် အခုပေါက်ကွဲတဲ့ မိုင်းဟာလည်း စစ်ကောင်စီတပ်ရဲ့ မိုင်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမိုင်းအမျိုးအစားနဲ့ ဘယ်အဖွဲ့ကထောင်ထားတဲ့ မိုင်းဖြစ်တယ်ဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို ဘယ်လိုမိုင်းအမျိုးအစားဆိုတာ စစ်ကိုင်းတိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အင်ပင်ကျေးရွာဟာ အိမ်ထောင်စု ၁၂၀ ကျော်နဲ့ လူဦးရေ ၄၀၀ ကျော် နေထိုင်ပြီး ဒီနှစ် ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီ စစ်ကြောင်းဝင်လာလို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင်လ ၁၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခတွေ ကြောင့် စစ်ကိုင်းတိုင်းမှာ ၇၇၈,၉၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။