ဆော့လော်မြို့နယ်က ရွှေထွက်ဒေသကို KIA သိမ်းပိုက်

RFA Burmese
2024.11.10
ဆော့လော်မြို့နယ်က ရွှေထွက်ဒေသကို KIA သိမ်းပိုက် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ရွာရှိ ရွှေတူးဖော်သည့်နေရာတစ်ခုကို တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်က ရွှေထွက်ဒေသဖြစ်တဲ့ လန်ဆယ်ရွာကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ မနေ့က သိမ်းယူလိုက်ပြီလို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက RFA ကို နိုဝင်ဘာလ ၁၁ ရက် ဒီနေ့မှာ အတည်ပြုပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်အနီးက လန်ဆယ်ရွာမှာ အခြေစိုက်ထားတဲ့ တပ်စခန်းမှာ ပြည်သူ့စစ်အင်အား သုံးဆယ်ခန့်ရှိပြီး ခေါင်လန်ဖူးသွားတဲ့ လမ်းပိုင်းမှာရှိတဲ့အတွက် အရေးကြီးတဲ့ဒေသ တစ်ခုဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“မနေ့ည မနက်ပိုင်းသိမ်းရပြီ။ ပြည်သူ့စစ်တွေ သုံးဆယ်လောက်ရှိတဲ့ တပ်စခန်းပေါ့။ ခေါင်းလန်ဖူးသွား လမ်းအတွက်လည်း အရေးကြီးတယ်။ ဒေသခံတွေ ရွှေလုပ်ငန်းလုပ်ပြီး နေထိုင်တဲ့ဒေသလည်းဖြစ်တယ်”

အဲဒီတပ်စခန်းက ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်နဲ့ ခေါင်လန်ဖူး ဌာနေ ပြည်သူ့စစ်တွေ ပူးပေါင်းအထိုင်ချထားပြီး ကျောက်မျက်နဲ့ ရွှေ အထွက်များတဲ့ ဒေသဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချီဖွေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လန်ဆယ်ကတော့ ကျောက်မျက်နဲ့ ရွှေတူးတဲ့ဒေသပေါ့။ ရွှေတအားထွက်တဲ့ဒေသ ဟုတ်တယ်။ လန်ဆယ် အနီးတစ်ဝိုက်မှာလည်း ရွှေတူးတာတွေ ရှိတယ်။ အခုက ဒီစခန်းသိမ်းပြီးတော့ ကချင်အထူးဒေသ (၁) မှာ ကန်ပိုက်တီတစ်ခုပဲ ကျန်တော့တယ်”

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က နိုဝင်ဘာလ ၁၁ ရက် ဒီနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ချီဖွေမြို့နယ်၊ ကန်းဖန့်ကျေးရွာအုပ်စုက ပြည်သူ့စစ် တစ်ရာကျော်ဟာ KIA နဲ့ ပူးပေါင်းခဲ့ပါတယ်။

ကချင်အထူးဒေသ (၁) ကို KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလကုန်ပိုင်းလောက်က စပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဆော့လော်၊ ချီဖွေ၊ ပန်ဝါမြို့အပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူခဲ့ပြီးနောက် အခု ကန်ပိုက်တီ နယ်စပ်မြို့တစ်ခုပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။