မြောက်ဦး ရှေးဟောင်းနန်းတော်ကုန်းပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲ

ရခိုင်ပြည်နယ် မြောက်ဦး မြို့လယ်မှာရှိတဲ့ ရှေးဟောင်း နန်းတော်ကုန်းပေါ်ကို ဇန်နဝါရီလ ၁၀ ရက် မနေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သလို ဝါစျေးရပ်ကွက်ထဲ ကိုလည်း လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် နေအိမ်နှစ်လုံး မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီလက်နက်ကြီးဟာ မြောက်ဦးမြို့ အခြေစိုက် ခမရ ၅၄၀ တပ်ရင်းကနေ ပစ်ခတ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“မနေ့က မြို့ထဲကို လက်နက်ကြီး ကျတယ်။ နန်းရာကုန်မှာ တစ်လုံးကျတယ်။ ပြီးရင် ဝါစျေးရပ်ကွက်မှာ တစ်လုံး ကျတယ်။ အိမ်နှစ်ဆောင် မီးလောင်သွားတယ်။ လူတွေ ဝိုင်းပြီး မီးငြှိမ်းလိုက်လို့ သက်သာသွားတာ။ မဟုတ် အိမ်တွေ အများကြီး ပါသွားနိုင်တယ်။ နန်းရာကုန်းမှာလည်း ပျက်စီးသွားတာတွေ ရှိတယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကလည်း အဲဒီ ခမရ (၅၄၀) တပ်ရင်းက စစ်ကောင်စီ တပ်သား ငါးဆယ်ကျော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ မြောက်ဦးမြို့ သက္ကျမာန်အောင် ဘုရားအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

မြောက်ဦးမြို့တွင်းမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်ရင်း တွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ အဆိုပြုထားတာကို သိလျက်နဲ့ စစ်ကောင်စီတပ်က ရည်ရွယ်ရှိရှိ လက်နက်ကြီးပစ်ခတ် ဖျက်ဆီးနေတာလို့ ရက္ခိုင့် တပ်တော် (AA) က မနေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်နဲ့ ဝါစျေးရပ်ကွက်မှာ နေအိမ်တွေ ပျက်စီးသွားခဲ့ပြီး အမျိုးသား တစ်ဦးမှာလည်း ကျည်စထိမှန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း မြောက်ဦး အခြေစိုက် ၅၄၀၊ ၃၇၇တပ်ရင်းတွေကနေ လက်နက်ကြီးကြောင့် မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှုပြတိုက် ပျက်စီးခဲ့ပြီး အမွေအနှစ်အချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။