ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လားရှိုးမြို့ခံ တစ်ထောင်ကျော် နေရပ်စွန့်ခွာ

RFA Burmese
2024.10.02
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လားရှိုးမြို့ခံ တစ်ထောင်ကျော် နေရပ်စွန့်ခွာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က နေ့စဉ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့ခံတစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ လားရှိုးမြို့ခံတွေက RFA ကို ပြောပါတယ်။

သူတို့ဟာ MNDAA က လားရှိုးမြို့ကို ထိန်းချုပ်ပြီးနောက် နေရပ်ပြန်လာတဲ့ ဒေသခံတွေဖြစ်ပြီး အခုတော့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်တာကြောင့် တစ်ကျော့ပြန် နေရပ်စွန့်ခွာထွက်ပြေးကြတာပါ။

လားရှိုးမြို့မဈေးနဲ့ မြို့ပေါ်ရပ်ကွက်က ဟိုတယ်တွေ၊ လူနေအဆောက်အအုံတွေကို ညတိုင်းနီးပါး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် နေရပ်စွန့်ခွာရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညဆိုရင် လာပြီဗျ။ ဘယ်နေရာ ကြဲချမလဲဆိုတာမျိုး ကျွန်တော်တို့ သတိထားနေရတယ်။ ကိုယ့်အိမ်လား၊ သူ့အိမ်လား။ ကြဲပြီးပြန်သွားရင်လည်း ဘယ်သူမှ မထိခိုက်ဖို့ ဆုတောင်းရတယ်။ ညတိုင်းလိုလို ဖြစ်နေတော့ မနေရဲလို့ ပြန်ထွက်ခဲ့တာ”

လူဦးရေ နှစ်သိန်းခွဲနီးပါး နေထိုင်တဲ့ လားရှိုးမြို့မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ လားရှိုးမြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံ နှစ်သိန်းကျော်ဟာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ အေးသာယာ၊ လွိုင်လင်နဲ့ မန္တလေး၊ ပြင်ဦးလွင်၊ ရန်ကုန်မြို့တွေကို တိမ်းရှောင်ခဲ့ရတာပါ။

MNDAA က လားရှိုးမြို့ကို သြဂုတ်လ ၃ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး သြဂုတ်လယ်ပိုင်းကစလို့ မြို့ခံအများစု နေရပ်ပြန်လာခဲ့ကြပါတယ်။

မြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို MNDAA က အရပ်သားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်နေချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လာခဲ့တာပါ။

သြဂုတ်လ ၃၀ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်မနည်းရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးအပါအဝင် သုံးဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ MNDAA က ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာလာချိန်မှာပဲ MNDAA က အောက်တိုဘာလ ၁ ရက် မနေ့ကစလို့ လားရှိုးမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။