လားရှိုးမြို့ကို စစ်ကောင်စီက နေ့စဥ်နီးပါး ဗုံးကြဲတိုက်ခိုက်နေ
2024.09.30
ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းကို စစ်ကောင်စီက စက်တင်ဘာ ၃၀ ရက် ဒီနေ့မနက်စောစောမှာ လေကြောင်းကနေ ဗုံးသုံးလုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တစ်ခုလုံး လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ လားရှိုးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ လေကြောင်းထိုးစစ်တွေ အဆက်မပြတ် လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ အမှတ် (၁၁) အောင်စေတနာ လမ်းသွယ် ၂ နဲ့ အမှတ် (၈) ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသွားပြီး နေအိမ်တချို့လည်း ပျက်စီးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရပ်ကွက် ၁၁ ဂေါက်ကွက်းနာပဲ ညသန်းခေါင်လောက် လာပြီးကြဲသွားတာ။ အမျိုးသား တစ်ယောက်ထိတယ်။ အိမ်က ငါးလုံးလောက် ပျက်စီးသွားတယ်။ ဗုံးက သုံးလုံး ကြဲသွားတာ။ မိနစ်ပိုင်းလောက်ပဲ ခြားတယ်။ ကြဲတာက”
စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းကလည်း လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက် မန်ဆူဈေး အနောက်ဘက်အခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကားဝပ်ရှော့တစ်ခုအတွင်း ဗုံးထိမှန်ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
စက်တင်ဘာ ၂၇ ရက်မှာ လားရှိုးမြို့မဈေးနဲ့ ရပ်ကွက် ၁ အတွင်းက နေရာတချို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာ၊ ဟိုယ ကျေးရွာဘက်ကိုလည်း စစ်ကောင်စီဘက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို MNDAA က သြဂုတ် ၃ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း သြဂုတ် ၃၀ ရက်ကစလို့ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုလုပ်နေတာ ဆယ်ကြိမ်ခန့် ရှိလာပြီဖြစ်ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း နိုင်ငံရေး အကျဥ်းသားဟောင်းတစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး အရပ်သား နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရပါတယ်။