လားရှိုးမြို့ အဝင်အထွက်ကို MNDAA စစ်ဆေးမှု ပိုမိုတင်းကျပ်

RFA Burmese
2024.11.10
လားရှိုးမြို့ အဝင်အထွက်ကို MNDAA စစ်ဆေးမှု ပိုမိုတင်းကျပ် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တစ်နေရာအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အကျဉ်းထောင်အဖောက်ခံရပြီးနောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (MNDAA)က လားရှိုးမြို့ အဝင်အထွက်နေရာမှာ စစ်ဆေးမေးမြန်းတာတွေ တင်းကျပ်လိုက်ပါတယ်။

လားရှိုးထောင်ဖောက်ခံရပြီး စစ်သုံ့ပန်းတွေ ထွက်ပြေးလွတ်မြောက်သွားပြီးနောက်ပိုင်း နိုဝင်ဘာ ၁ဝ ရက်နေ့မှာ မြို့ အဝင်အထွက်နေရာမှာ အရင်ကထက် စစ်ဆေးတာတွေ ပိုလုပ်နေတာလို့ MNDAA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူတို့က (MNDAA) ဘယ်လောက်လွတ်မြောက်သွားတယ်ဆိုတာ အတိအကျကို လုံးဝ ကိုမပြောထားဘူး။ ဒီနေ့ ကျွန်တော်တွေ့ခဲ့ရတာကတော့ မြို့အဝင်အထွက်တွေမှာ လုံခြုံရေးကို အရင်ကထက် အင်အားအများကြီးတိုးထားပြီးမှ စစ်ဆေးတာတွေလုပ်ပါတယ်။ အဓိက ထွက်သွားတဲ့ လူတွေရဲ့ ပုံစံတွေကို စစ်ဆေးတာ။ ကျွန်တော်တို့ သိသလောက်တော့ သူတို့ဆီမှာ ဓာတ်ပုံတွေရှိတယ်လို့ ပြောပါတယ်။ မှတ်တမ်းပုံတွေ ဒီလုံခြုံရေးယူနေတဲ့ သူတွေကို ပေးထားတယ် အဲဒီကနေ ပြန်စစ်တာမျိုး”

စစ်သုံ့ပန်းတွေ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် လားရှိုးအကျဉ်းထောင်မှာလည်း လုံခြုံရေး တင်းကျပ်ထားတယ်လို့ အမည်မဖော်လိုသူ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အောက်တိုဘာလထဲမှာ စစ်သုံ့ပန်းတွေ ထွက်ပြေးတာ ရက်တော့ သေချာမမှတ်မိတော့ဘူး။ ခန့်မှန်းခြေ နှစ်ဆယ် သုံးဆယ် လောက်တော့ ရှိမယ်။ ထောင်ထဲကလည်း အရင်ကထက်တော့ လုံခြုံရေး တင်းတင်းကျပ်ကျပ်ထားတယ်”

လားရှိုးထောင်ဖောက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားအရေအတွက်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အောက်တိုဘာလ ၉ ရက်နေ့ မနက်အစောပိုင်းမှာ အကျဉ်းထောင်တံခါးကို သော့ဖျက်ထွက်ပြေးခဲ့တဲ့ အကျဉ်းသား ၉ဝ ကျော်ရှိပြီး လေးဆယ်ကျော် ပြန်လည်ဖမ်းဆီးရမိထားတာတွေလည်း ရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၃၁ ဦးကို ကိုးကန့်တပ်မတော် (MNDAA) က အောက်တိုဘာ ၂ဝ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။