တစ်ရက်အတွင်း လားရှိုးမြို့ လေးကြိမ် ဗုံးကြဲခံရ
2024.10.23
ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က နေရာ သုံးနေရာကို အောက်တိုဘာလ ၂၃ ရက်နေ့ တစ်ရက်တည်းမှာ စစ်ကောင်စီက လေကြောင်းကနေ လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက "ထိခိုက်သေဆုံးတာတော့ အတိအကျမသိသေးဘူး၊ ကြဲတာတော့ လေးကြိမ်လာကြဲတယ်၊ အမှတ် ၁ ရဲစခန်းမှာ တစ်ကြိမ်၊ ပြီးရင် ကျွန်တော်တို့ မြို့ပြင်က အရက်ချက်တဲ့စက်ရုံပေါ့နော် အဲဒီမှာ နှစ်ကြိမ်ကြဲတယ်၊ နောက် လားရှိုး ရပ်ကွက် ၁၂ နားမှာ တစ်ကြိမ်လာကြဲတယ်" လို့ ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက် မနက် ရှစ်နာရီခွဲဝန်းကျင်က လားရှိုးမြို့ပြင်မှာရှိတဲ့ အရက်ချက်စက်ရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း MNDAA က ထုတ်ပြန်ထားပါတယ်။ မနက် ဆယ်နာရီကျော်မှာတော့ ရပ်ကွက် ၁၂ နားဖဘက်ကို တစ်ကြိမ်နဲ့ နေ့လယ် သုံးနာရီဝန်းကျင်မှာ အမှတ် ၁ ရဲစခန်းကို တစ်ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
လားရှိုးမြို့ အခုလိုအကြိမ်ကြိမ် ဗုံးကြဲခံရချိန်ဟာ MNDAA ခေါင်းဆောင် ဖုန်တာရွှင် တရုတ်ပြည်ကို သွားရောက်နေချိန်ဖြစ်တယ်လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသား သုံးဦး နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် ကလေး တစ်ဦးအပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း လားရှိုးမြို့ ရပ်ကွက် (၁၂) မန်ဆူဘုရားအနီးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် တစ်လုံးပျက်စီးပြီး လူ ထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ် နှစ်ဆယ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သုံးလအတွင်း အရပ်သား သုံးဦး သေဆုံးပြီး နောက်ထပ် လူတစ်ရာကျော် ထိခိုက်ဒဏ်ရာရတယ်လို့ MNDAA က အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။