ကိုးကန့်တပ်နဲ့ စစ်ကောင်စီ အပစ်ရပ်ပြီးနောက် လားရှိုးဒေသခံတွေ နေရပ်ပြန်
2025.01.23

ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ အပစ်ရပ်လက်မှတ်ထိုးပြီးနောက် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကနေ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ဘေးဒုက္ခသည်တချို့ နေရပ်ပြန်လာကြတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၂၃ ရက် ဒီနေ့ ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ လူတစ်သိန်းခြောက်သောင်းကျော် နေထိုင်တဲ့ လားရှိုးမြို့မှာ နေရပ်ပြန်လာကြတဲ့ အရေအတွက်ကို မသိရပေမဲ့ မြို့ပေါ်မှာ လူတွေပြန်စည်ကားလာပြီး မြို့မစျေးကြီးထဲက တချို့အပိုင်းတွေမှာ ဈေးပြန်ဖွင့်နေကြပြီလို့ လက်ရှိလားရှိုးမြို့မှာနေတဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လူတွေ တော်တော်များကတော့ ပြန်လာနေကြပြီ။ စျေးကြီးကလည်း အပြင်ဘက်ပိုင်းမှာက ပြန်ဖွင့်နေပြီ။ စျေးကြီးအပေါ်ထပ်က လေယာဉ်ဗုံးထိထားတော့ အထဲမှာတော့ ဖွင့်လို့မရတော့ မဖွင့်သေးဘူး။ ခန့်မှန်းကြည့်ရင် လားရှိုးဒေသခံတွေရဲ့ သုံးဆယ်ရာခိုင်းနှုန်းကျော်လောက် ပြန်လာနေကြပြီထင်တယ်။ တချို့ကြတော့ ကလေးတွေ ကျောင်းတက်နေတာတွေလည်း ရှိသေးတော့ ပြန်မလာသေးတာလည်းနေမယ်”
မြို့ပေါ်မှာ ကိုးကန့်တပ်တွေနဲ့ “ဝ” တပ် (UWSA) ကလည်း ပုံမှန်သွားလာနေကြပြီး အုပ်ချုပ်ရေးပိုင်း ပုံမှန်လည်ပတ်နေတယ်လို့ သူက ပြောပါတယ်။
မူဆယ်မြို့ကို ရောက်နတဲ့ လားရှိုးဒေသခံတစ်ဦးကတော့ ကလေးတွေ ကျောင်းတက်နေဆဲ ဖြစ်တာကြောင့် မပြန်သေးဘူးလို့ RFA ကို ပြောပါတယ်။
“တောင်ကြီးဘက်ကို ရှောင်တဲ့အသိတွေက ပြန်လာကြပြီ။ ကျွန်တော်ကတော့ ကလေးတွေ ကျောင်းတက်နေတော့ ပြန်လို့မရသေးဘူး။ နောက်တစ်ခုက လားရှိုးပြန်ရင်လည်း ဘာမှမလုပ်စားတတ်တော့ မပြန်သေးတာ”
ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ဇန်နဝါရီ ၁၈ ရက်နေ့ကစလို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်းက ဇန်နဝါရီ ၂၀ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့ကိုးမြို့ကို ကိုးကန့်တပ်မတော် (MNDAA) က သိမ်းပိုက်ထားပါတယ်။