လားရှိုးမြို့ တအာင်းရွာငါးရွာရဲ့ အဝင်ဆိုင်းဘုတ်တွေကို စစ်ကောင်စီတပ် ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းက တအာင်းရွာငါးရွာရဲ့ ရွာအဝင် ဆိုင်းဘုတ်တွေကို စစ်ကောင်စီတပ်က ဇွန်လ ၉ ရက်မနက်ပိုင်းမှာ ဘူဒိုဇာတွေနဲ့ ဖျက်ဆီးသွားခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

တအာင်းရွာတွေဖြစ်တဲ့ တောင်တလောင်၊ နောင်ယုံ၊ ရွာသစ်၊ တောင်နောင်နဲ့ ကောင်းခါး စတဲ့ရွာငါးရွာက ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရွာအဝင်ဆိုင်းဘုတ်တွေမှာ တအာင်းမိခင်စာပေ အသုံးပြုရေးသားထားတာနဲ့ တအာင်းအမျိုးသားအလံတော်ဖြစ်တဲ့ စိမ်းဖြူစိမ်းအလံကို အသုံးပြုထားတဲ့အတွက် အခုလိုဖျက်ဆီးခံရတာလို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခွင့်ပြုမိန့်မရရှိဘဲ ထပ်ပြီးဆောက်လုပ်ခြင်းမပြုကြဖို့နဲ့ ထပ်ပြီးဆောက်ရင် ထိထိရောက်ရောက် အရေးယူသွားမယ်ဆိုပြီး စစ်ကောင်စီတပ်ဘက်က ခြိမ်းခြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA )ရဲ့ ပြောရေးဆိုခွင့်ရှိသူကို RFA ကဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်သေးပါဘူး။

အလားတူ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းစက်ပိတ်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့် (MNDAA) ရက္ခိုင့်တပ်တော် (AA)၊ နဲ့ စစ်ကောင်စီတို့အကြား ဇွန်လ ၁ ရက်ကနေ ၃ ရက်အထိ မိုင်းလားမြို့မှာ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ပေမယ့် ဆက်ပြီးဆွေးနွေးလို့ မရတော့တာကြောင့် ဒုတိယနေ့မှာပဲ အဆုံးသတ်ခဲ့ပါတယ်။

ဆွေးနွေးမှုပျက်ပြီးနောက်ပိုင်း ဇွန်လ ၂ ရက်နေ့ကစလို့ ဇွန်လ ၆ ရက်နေ့အထိ ကိုးကန့်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ MNDAA ဘက်က ထုတ်ပြန်ပါတယ်။