လက်ပံတန်းမြို့က မြို့နယ်ရဲတပ်ဖွဲ့မှူရုံးရှေ့မှာ ဇူလိုင်လ ၁၃ ရက်နေ့ မနေ့ည ၈ နာရီခွဲခန့်က ဗုံးပေါက်ကွဲပြီးနောက် ဒေသခံခုနစ်ဦး ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ည ၁၀ နာရီ ခွဲမှာ လက်ပံတန်း မြို့မရပ်ကွက် သာသနာ့ရိပ်သာလမ်းမှာ နေထိုင်တဲ့ ကိုသက်မင်းထိုက်၊ မြို့မရပ်ကွက် (၂) မှာရှိတဲ့ မိတ္တူဆိုင်က မိသားစုဝင်တွေဖြစ်တဲ့ ဒေါ်ညို၊ ကိုစန်းမင်း၊ ကိုဖြိုးကိုကို၊ ကိုကျော်သီဟ၊ ကိုဖြိုးသီဟနဲ့ ကိုမျိုးသီဟတို့ကို ဖမ်းဆီးခံရတာလို့ ပြောပါတယ်။
လက်ပံတန်းမြို့ ဘီးလင်းတန်း လမ်းမပေါ်မှာ ရဲစခန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး နဲ့ တရားရုံးတွေ ရှိနေပြီး မနေ့ည ဗုံးပေါက်ကွဲချိန်မှာ မိတ္တူဆိုင်က လူငယ်တစ်ဦးဟာ ပေါက်ကွဲသံကြောင့် နေအိမ်ထဲကို ကြောက်လန့်တကြား ပြေးဝင်ခဲ့တာကို အကြောင်းပြုပြီး အဲဒီအိမ်က မိသားစုဝင် အားလုံးကို ဖမ်းသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
"ရဲစခန်းရဲ့ဘေးမှာ မြို့နယ်မှူးရုံး၊ ဘေးမှာက တရားရုံး တစ်ဆက်တည်းရှိတာ။ မြို့နယ်မှူးရုံးနဲ့ တရားရုံးကြား ပေါက်ကွဲတာ။ မြို့မရပ်ကွက် ၂ လမ်း လဝက ရုံးရှေ့က မိတ္တူဆွဲတဲ့ အိမ်က တစ်မိသားစုလုံးဖမ်းတာ။ အဲအိမ်က ကောင်လေးက အုန်းကနဲအသံကြားတော့ အိမ်ထဲဝင်ပြေးလို့တဲ့ ဖမ်းသွားတယ်"
ဖမ်းဆီးခံရသူတွေဟာ ဗုံးပေါက်ကွဲမှုနဲ့ မသက်ဆိုင်တဲ့ လူတွေဖြစ်ပြီး အဲဒီ ဖမ်းဆီးခံရသူတွေထဲမှာ ဒေါ်ညိုက ကျန်းမာရေး မကောင်းဘူးလို့ ပြောပါတယ်။
လက်ရှိ ဖမ်းဆီးခံရသူတွေကို မြို့ပေါ် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး မိသားစုဝင်တွေက ဆက်သွယ်လို့ မရဘူးလို့ ပြောပါတယ်။
အဲဒီ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကလည်း လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း မြို့မရဲစခန်းနဲ့ လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက လူ ရှစ်ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ စုစုပေါင်း ၂၃၈၅၅ ဦး ရှိနေပါတယ်။