လက်ပံတောင်းမှာ ဝမ်ပေါင်ကုမ္ပဏီ ခြံစည်းရိုးတွေကို ရွာသားတွေ ဝင်ရောက်ဖျက်ဆီး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း အာဏာပိုင်တွေက ခြံစည်းရိုးတွေဆက်ကာနေတာကြောင့် ဒေသခံတွေက အဲဒီခြံစည်းရိုးတွေကို မနေ့က ညနေပိုင်းမှာ ဝင်ရောက်ဖျက်ဆီးခံကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း ဝမ်ပေါင်ကုမ္ပဏီက လုံထိန်းတပ်ဖွဲ့တွေကို အကာအကွယ်ယူပြီး ဒေသခံတွေတားနေတဲ့ကြားက ဘူဒိုဇာတွေနဲ့ ယာခင်းတွေကိုဖျက်ပြီး စီမံကိန်းနယ်မြေကို ခြံစည်းရိုးကာနေတာ ဖြစ်ပါတယ်။ ခြံစည်းရိုးဟာ ဆည်တဲနဲ့ ဇီးတောရွာများအနီးကို ဖြတ်ပြီးကာတာကြောင့် မြေယာလျော်ကြေးမယူတဲ့ ဒေသခံတွေက တားဆီးတာဖြစ်ပါတယ်။

မနေ့ကညနေပိုင်း ၆နာရီလောက်မှာ ဒေသခံတွေဟာ ဆန္ဒပြတာဆီးနေရာက စိတ်မထိန်းနိုင်ဖြစ်ပြီး ခြံစည်းရိုးတွေကို ဝင်ဖျက်တယ်လို့ သိရပါတယ်။ ဒေသခံတွေနဲ့ လိုက်ပါသွားတဲ့ အရှင်စန္ဒာသီရိက အခုလိုမိန့်ပါတယ်။

"တာဝန်ယူမှု၊ တာဝန်ခံမှုလည်းမရှိဘဲနဲ့ ခြံစည်းရိုးတွေကို မတရားသဖြင့်ခတ်တဲ့အတွက် တောင်သူလယ်သမားတွေက မြေယာတွေကို ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ခြံစည်းရိုးတွေကို ဖျက်တယ်ဆိုတာထက် သူတို့ဝင်နိုင်ဖို့ တိုင်တွေဆွဲနုတ်ပြီးတော့ အထဲဝင်ဖို့ကြိုးစားတာပါ၊ ဒါကိုရဲတွေက ဒိုင်းတွေ၊ လက်နက်တွေကိုင်လာပြီး လာပြီးတော့တားတာ ပဋိပက္ခတွေဖြစ်ကြတယ်ပေါ့"

ရွာသူရွာသား အင်အား ၃၀၀ ခန့်ရှိပြီး ရဲအင်အား ၅၀၀ ခန့်ရှိတယ်လို့ဆိုပါတယ်။ ရွာသူရွာသားတွေဖျက်ပစ်တဲ့ ခြံစည်းရိုးတွေကို ချက်ခြင်းပြန်ပြင်လိုက်တယ်လို့ သိရပါတယ်။ ဒီနေ့မှာလည်း မနက်ပိုင်းကတည်းကစပြီး ဇီးတောရွာအနီး လိပ်ခွံတောင်ခြေနဲ့ မြေနီတောင်ခြေမှာ ခြံစည်းရိုးတွေ ဆက်ကာနေတယ်လို့ သိရပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေးမယူတဲ့မြေတွေပေါ်မှာ ခြံစည်းရိုးကာတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက အောက်တိုဘာလ ၁၅ ရက်နေ့က ပြည်ထောင်စုဝန်ကြီးများနဲ့ ဒေသခံများတွေ့ဆုံပွဲမှာ တင်ပြခဲ့ပေမယ့် ဝန်ကြီးများက အထက်ကိုဆက်လက်တင်ပြပေးမယ်လို့သာ ပြောဆိုသွားကြောင်း ဒေသခံတွေက ပြောပါတယ်။