အရပ်ဘက်ကား လက်နက်ကြီးထိမှန်မှု ၁၄ ဦးခန့် သေဆုံးကြောင်း MNDAA ပြော

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့ မနေ့ မနက်က စစ်ဘေးဒုက္ခသည်တွေလိုက်ပါလာတဲ့ ကားတစ်စီး စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးထိမှန်လို့ လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ သတင်းမီဒီယာဖြစ်တဲ့ The Kokang က နိုဝင်ဘာ ၂၃ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ်မဖော်ပြထားပေမယ့် ကားပေါ်လိုက်ပါလာသူအားလုံး သေဆုံး ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတစ်ဦးကတော့ ပိတ်မိနေတဲ့ ပြည်သူအချို့ လောက်ကိုင်မြို့ကနေ ထွက်ခွာဖို့ကြိုးစားချိန်မှာ လက်နက်ကြီး ကျည်ထိမှန်ခဲ့တာလို့ RFA ကို ပြောပါတယ်။

“အဲဒီကားက မနက် လမ်းဖွင့်တယ်ကြားလို့ ပြန်တဲ့ပုံစံပဲ။ လမ်းအဆင်မပြေလို့ ပြန်လှည့်လာကြတဲ့အချိန်မှာ လက်နက်ကြီး တည့်တည့်ကျတာ။ ကားတစ်စီးလုံးလည်း ရစရာမရှိတော့ဘူး”

ထိခိုက်သေဆုံးတဲ့ အရေအတွက်အတိအကျနဲ့ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ပြောခွင့်ရသူ လီကျားဝင်းကတော့ အဲဒီလက်နက်ကြီးဟာ ကိုးကန့်တပ်ဖွဲ့က ပစ်တာမဟုတ်ဘဲ လောက်ကိုင်မြို့၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) က ပစ်တာလို့ RFA ကို မနေ့က ပြောပါတယ်။

စစ်ကောင်စီ မြ၀တီသတင်းစာမှာတော့ ကိုးကန့်တပ်မတော် (MNDAA) က ရှော့တိုက်ဒုံး ၁၃ လုံးပစ်ခတ်ရာကနေ အခုလိုထိမှန်ခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်ကို နိုဝင်ဘာ ၂၃ ရက် ဒီနေ့ ဖော်ပြပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် လောက်ကိုင်မြို့မှာ ဒေသခံ သောင်းနဲ့ချီ ပိတ်မိနေပါတယ်။

မြို့ထဲမှာ စားနပ်ရိက္ခာပါ ပြတ်တောက်လာတဲ့အတွက် အရပ်သားပြည်သူတွေ ထွက်ခွာနိုင်စေရေး လမ်းဖွင့်ပေးဖို့ တောင်းဆိုချင်ကြောင်း ပိတ်မိနေတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့အချို့နဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့် တပ်တော် (AA) နဲ့ ကိုးကန့် တပ်မတော်လို့ခေါ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့က အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး “၁၀၂၇ စစ်ဆင်ရေး”အနေနဲ့ တိုက်ခိုက်သိမ်းပိုက်နေတာပါ။