လောင်းလုံးမြို့ သပြေရှောင်ရွာက ဆိုင်ကယ်တွေနဲ့ တဲအိမ်တွေ မီးရှို့ဖျက်ဆီးခံရ
2023.11.25
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲက သပြေရှောင်ရွာကို အင်အားခုနစ်ဆယ်ခန့်ပါ စစ်ကောင်စီတပ်သား တွေ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်း ဝင်ရောက်လာပြီးနောက် သပိတ်အင်အားစုတွေ လက်ခံတဲ့နေရာ၊ PDF အားပေးရွာလို့ စွပ်စွဲပြီး ရွာထဲကဆိုင်ကယ် ၂၁ စီးနဲ့ တဲအိမ်ရှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ရေလမ်းကနေတစ်ဆင့် ရွာထဲ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ တာဖြစ်ပြီး ဆိုင်ကယ်တွေနဲ့ ရေလုပ်သားတွေရဲ့ တဲအိမ်ရှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက RFA ကို ပြောပါတယ်။
“စစ်ကြောင်းထိုးဝင်လာပြီးတော့ သပိတ်အင်အားစုတွေ လက်ခံတဲ့နေရာလို့ဆိုပြီး ဆန္ဒပြလို့ အဲလိုလုပ်တာ၊ PDF အားပေးလို့ အဲလိုလုပ်တာလို့ဆိုပြီး အိမ်ရဲ့ နံရံတွေမှာလည်း စာတွေရေးခဲ့တယ်။ ဆန္ဒပြရင် ဒီထက်ပိုဆိုးမယ်ပေါ့။ ဆန္ဒပြတာလက်ခံရင်၊ PDF အားပေးရင် ဒီထက်ပိုဆိုးမယ်ဆိုပြီး အဲလိုမျိုးရေးခဲ့တယ်။ ခြိမ်းခြောက်တဲ့ စာသားတွေ။ ဆိုင်ကယ်အစီးနှစ်ဆယ်ကျော်နဲ့ ရေလုပ်သားတွေ ရေလုပ်ငန်းလုပ်တဲ့အချိန်ဆိုရင် နားကြတဲ့ တဲအိမ်လေးတွေကို မီးရှို့သွားတာ”
ဆိုင်ကယ်အားလုံးကို မီးရှို့ဖျက်ဆီးခဲ့တာမဟုတ်ဘဲ ကောင်းတဲ့ဆိုင်ကယ်တွေကိုတော့ ယူသွားသလို နေအိမ်တွေထဲက တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူသွားတယ်လို့ ဒီအကြောင်းကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ လောင်းလုံးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နည်းနည်းစုတ်တဲ့ဘီးတွေပဲ မီးရှို့သွားတာ။ ဒီမှာက ယိုးဒယားဘီးတွေပဲလေ။ ကောင်းတဲ့ဟာတွေယူသွားတာ။ အိမ်တွေလည်း ဝင်ရှာတယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေယူသွားတာပေါ့။ သူတို့ (စစ်ကောင်စီတပ်) လာတယ်ဆိုတာနဲ့ အကုန်ပြေးရတာ”
ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
သပြေရှောင်ရွာမှာ အိမ်ထောင်စု ၆၃၀ ကျော်နဲ့ လူဦးရေ သုံးထောင်နီးပါးနေထိုင်ကြပြီး အဓိက လက်လုပ်လက်စား အများစုနေထိုင်တဲ့ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းကတော့ ကျောက်နီမော်ရွာဘက်ကို ဆက်ထွက်သွားပြီး အဲဒီကတစ်ဆင့် ကျောက်ဝပ်ပြင်ရွာဘက်ကို ဆက်ထွက်ခွာသွားတာကြောင့် ဒေသခံအချို့ကတော့ လက်ရှိ ရွာထဲပြန်ဝင်နေကြပြီ လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကို RFA က ဒီနေ့ ညနေပိုင်း တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။