လောင်းလုံးမှာ စစ်ကြောင်းထိုးချိန် အရပ်သားငါးဦး သတ်ဖြတ်ခံရ

RFA Burmese
2024.10.23
လောင်းလုံးမှာ စစ်ကြောင်းထိုးချိန် အရပ်သားငါးဦး သတ်ဖြတ်ခံရ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများမှ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။
Facebook/ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - လောင်းလုံးမြို့နယ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၂ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ရှစ်ရက်ကြာ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းတဲ့ကာလအတွင်း အရပ်သားငါးဦးအထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ရဲ့ တာဝန်ရှိသူတွေက အောက်တိုဘာလ ၂၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ အောက်ရေဖြူရွာနဲ့ ကဒက်ငယ်ထိန်ရွာတွေကဖြစ်ပြီး အသက် ၇၃ နှစ်အရွယ် ဒေါ်ခင်မြင့်၊ အသက် ၅၀ အရွယ် ဒေါ်သက်သက်၊ အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုကို၊ အသက် ၃၅ နှစ်အရွယ် ကိုမင်းအောင်နဲ့ အမည်မသိရသေးတဲ့ နောက်ထပ် လူငယ်တစ်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်လာချိန် ရွာကနေအိမ်တွေကနေ ဘေးလွတ်ရာကို တိမ်းရှောင်တဲ့ လူငယ်ရွာသားတွေနဲ့ မရှောင်နိုင်လို့ ရွာထဲကျန်နေခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ DDMSC-လူထုစီးရုံးရေး ဆပ်ကော်မတီရဲ့ တာဝန်ခံ ကိုမင်းလွင်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲမရှိဘဲ စစ်ကောင်စီက စစ်ကြောင်းထိုးလာရင်း လက်နက်နဲ့ အင်အားကို အားကိုးပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီးသတ်ဖြတ်သွားတာ။ လူငယ်အမျိုးသား သုံးယောက်နဲ့ အမျိုးသမီးက နှစ်ယောက်၊ အားလုံး ငါးယောက်ကို သေနတ်နဲ့ရော၊ ဓားနဲ့ရော သတ်ဖြတ်သွားတာပါ။ စစ်ကြောင်းကိုကြောက်လို့ ရွာကနေထွက်တဲ့ လူငယ်တွေရော မကျန်းမာလို့ ရွာထဲမှာနေခဲ့တဲ့ သူတွေကိုပါ သတ်ဖြတ်သွားတာမျိုးပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့က မနေ့ကလည်း ထုတ်ပြန်ချက် ထုတ်ထားပါသေးတယ်"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အောက်တိုဘာလ ၁၆ ရက်နေ့က အောက်ရေဖြူရွာအနီး နယ်မြေရှင်းလင်းချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ ရုပ်အလောင်းကို သိမ်းဆည်းရမိတယ်လို့ ရေးသားဖော်ပြပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကြဲရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရက်ရှည်တိုက်ပွဲဖြစ်နေပြီး အနီးတစ်၀ိုက်ရွာတွေက ဒေသခံငါးထောင်ခန့် ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။