လေးကေ့ကော်မြို့သစ်နဲ့ မယ်ဝါးခီးကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

2021.12.23
Share on WhatsApp
Share on WhatsApp
လေးကေ့ကော်မြို့သစ်နဲ့ မယ်ဝါးခီးကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက် ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်ဒေသတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ဒီဇင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်။
( Photo_Citizen Journalist)

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့နဲ့ မယ်ဝါးခီးကျေးရွာကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၃ ရက်နေ့ညပိုင်းမှာ တိုက်လေယာဉ်လေးစီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေးကေ့ကော်မြို့သစ် အနောက်မြောက်ဘက်မှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စခန်းကုန်းဘက်ကနေ တိုက်လေယာဉ်တွေ ပျံလာပြီး ဗုံးကြဲခဲ့တာဖြစ်ပြီး၊ လေးကေ့ကော်မြို့သစ်နဲ့ မယ်ဝါးခီး ကျေးရွာဘက်ကို စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို လေကြောင်းက တိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ ဆိုးဝါးပြင်းထန်တဲ့ လူသတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို အချိန်မရွေး ပြုလုပ်လာနိုင်တဲ့အတွက် ကုလသမဂ္ဂ အရေးပေါ်အစည်းအဝေး ကျင်းပပြီး လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ကတည်းက ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

အဲဒီလို ထုတ်ပြန်တောင်းဆိုထားချိန် အတွင်းမှာပဲ စစ်ကောင်စီက လေကြောင်းက လာရောက်ပစ်ခတ်ခဲ့တဲ့ အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့၊ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လစ်လျူမရှုဘဲ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ထပ်မံတောင်းဆိုကြောင်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေးကေ့ကော်မြို့သစ် အနီးတဝိုက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ၁၆၀၀၀ ဝန်းကျင် ရှိနေပြီလို့ လေးကေ့ကော်မြို့သစ်တာဝန်ခံ တီးဖားတရားက ဒီဇင်ဘာလ ၂၃ ရက်နေ့က RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၅ ရက် နောက်ပိုင်းကတည်းက ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် လေးကေ့ကော်မြို့သစ် အပါအဝင် ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ၊ မယ်ဝါးခီး၊ မယ့်ထော်သလေး၊ ပဟိကလော် စတဲ့ကျေးရွာတွေ ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

လေးကေ့ကော်မြို့ဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က KNU နဲ့ နှစ်ဖက်သဘောတူညီမှုအရ ငြိမ်းချမ်းရေး သင်္ကေတအဖြစ် တည်ထားခဲ့တဲ့မြို့ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ အကြမ်းမဖက်ဆန္ဒပြတဲ့ CDM အစိုးရဝန်ထမ်းတွေ ခိုလှုံရာ နေရာလည်းဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။