စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့က လက်လွှတ်လိုက်ရတဲ့ လေးကေ့ကော် စွယ်တော်ကုန်းစစ်စခန်းကို လေကြောင်း၊ ကုန်းကြောင်းနဲ့ ပြန်လည်စစ်ဆင်သိမ်းယူမဲ့ သတင်းတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပြီး မြို့ကိုစွန့်ခွာဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အမြောက်ကုန်းစခန်းအနီးက ဖလူးကျေးရွာ၊ ရသေ့ဂူကျေးရွာ၊ ထီးမယ်ဝါးခီးကျေးရွာနဲ့ လေးကေ့ကော်မြို့သစ်ကနေ စစ်ဘေးရှောင်နေရတဲ့ ပလော့တပို့ စစ်ရှောင်စခန်းနေရာတွေက ဒေသခံတွေဟာ အရေးပေါ်လေကြောင်းရန် ရှောင်ရှားဖို့ စီစဉ်နေကြတယ်လို့ ဖလူးကျေးရွာသားတစ်ဦးက RFA ကိုပြောပါတယ် ။
"လေယာဥ်ကလည်း စခန်းသိမ်းပြီးတော့ တစ်ခေါက်လာကြဲတယ်ပေါ့နော်၊ စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းလည်းကြားတယ်၊ ကျွန်တော်တို့ဘက်ကတော့ ကြိုတင်ပြင်ဆင်မှုကတော့ရှိတယ်၊ သွားရမဲ့နေရာ ရှောင်ရမဲ့နေရာတွေ ကြိုတင် ပြင်ထားတာရှိတယ်၊ သက်ကြိးရွယ်အိုတွေ၊ ကလေးတွေအတွက်"
လတ်တလောမှာ ဖလူးကျေးရွာနဲ့ မင်းလက်ပံ ကျေးရွာသားတွေဟာ နေ့ဘက်မှ ာနေအိမ်နဲ့ တောင်ယာစိုက်ခင်းတွမှာ ပြန်လည်နေထိုင် အလုပ်လုပ်ကြပြီး ညဘက်မှာ အကာအကွယ်အခိုင်အမာရှိတဲ့နေရာတွေမှာ ရှောင်တိမ်းညအိပ်ကြတယ်လို့ ထီးမယ်ဝါးခီးကျေးရွာက အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
"ဖလူးတို့၊ မင်းလက်ပံတို့ကတော့ သတိထားရတာပေါ့လေ၊ အခုနောက်ပိုင်းကတော့ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ သူတို့နေ့ခင်းနေ့လယ်အိမ်ပြန်ကြည့်တယ်၊ ညဘက်ကျတော့ သူတို့ကရှောင်နေတယ်၊ အခြားနေရာမှာ ရှောင်အိပ်နေတယ်လို့သိတယ်၊ လေးကေ့ကော်ကလူတွေကျတော့ သူတို့အရင်ထဲက စစ်ရှောင်ထားပြီးသားလေ၊ လေးကေ့ကော်မှာ ပြန်နေလို့မှမရတာ၊ သူတို့ရှိနေတဲ့အတိုင်းပဲ ရှိနေတာပဲလေ၊ နည်းနည်းတော့သတိထားရတာပေါ့"
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ကတည်းက လေးကေ့ကော်ဒေသကို စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့တာတွေကြောင့် ဒေသခံတစ်သောင်းကျော် ထိုင်း-မြန်မာနယ်စပ်က ယာယီစစ်ဘေးရှောင်စခန်း ခုနစ်ခုမှာ ခိုလှုံနေကြရပြီး ဒီကနေ့အချိန်အထိ နေရပ်ပြန်လို့ မရသေးပါဘူး။
အဲဒီထဲက မြို့လုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ လေးကေ့ကော်မြို့သစ်က ရပ်ကွက်ခြောက်ခုနဲ့ ထီးမယ်ဝါးခီး၊ ရသေ့ဂူကျေးရွာတွေက လူပေါင်းသုံးထောင်ကျော်ဟာ သောင်ရင်းမြစ်အနီးက ပလော့တပို့ စစ်ရှောင်စခန်းနဲ့ အင်ကြင်းမြိုင် စစ်ရှောင်စခန်းမှာ နေထိုင်နေကြပါတယ်။
အခုတော့ အဲဒီကျေးရွာတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီရဲ့ အမြောက်ကုန်းကို KNLA ပူးပါင်းတပ်တွေ ဖျက်ဆီးသိမ်းပိုက်လိုက်တဲ့အပေါ်ဝမ်းသာပီတိဖြစ်ရပြီး KNU လူကြီးတွေက ကိုယ့်အိမ်ကိုယ့်နေရာတွေကို ပြန်လည်နေထိုင်လို့ရပြီဆိုတဲ့အချိန်ကို စောင့်ဆိုင်းနေတယ်လို့ လေးကေ့ကော်ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်စခန်းသိမ်းပိုက်ရာမှာ ပူးပါင်းပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းတွေကို ကျေးရွာဒေသခံတွေက ကြိုဆိုဂုဏ်ပြုကြပြီး မြဝတီမြို့အနီးက မေတ္တာလင်းမြိုင်ကျေးရွာဘက်အထိ အောင်ပွဲခံလှည့်လည်ခဲ့ကြပါတယ်။