လေးကေ့ကော်မှာ တိုက်ပွဲဆက်ဖြစ်၊ ဒုက္ခသည် ၈၀၀၀ ဝန်းကျင်အထိ တိုးလာ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ် မြောက်ဘက် နှစ်မိုင်ခန့်အကွာ မယ့်ထော်သလေးနဲ့ ပဟိကလော်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းအထိ စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံ KNLA၊ NUG လက်အောက်ခံ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ မရရှိသေးပါဘူး။

ဒီတိုက်ပွဲတွေကြောင့် မနေ့ကအထိ ဒုက္ခသည် ၄၀၀၀ ဝန်းကျင်သာရှိခဲ့ရာကနေ ဒီကနေ့မှာတော့ ၈၀၀၀ ဝန်းကျင်အထိ နှစ်ဆမြင့်တက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လေးကေ့ကော်မြို့သစ် တာဝန်ခံ တီးဖားတရားက RFA ကို ပြောပါတယ်။

လက်ရှိမှာ ဒုက္ခသည် ၂၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို ရောက်ရှိသွားပြီး ကျန်တဲ့ ၆၀၀၀ ဝန်းကျင်ကတော့ လေးကေ့ကော်မြို့နယ် အရှေ့တောင်ဘက် သုံးမိုင်အကွာက ဖလူးကြီးကျေးရွာမှာ ခိုလှုံနေတယ်လို့လည်း ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက ဒုက္ခသည်တွေခိုလှုံခဲ့တဲ့ ထီးမယ်ဝါးခီးကျေးရွာဟာလည်း လုံခြုံရေး စိတ်မချရတော့တဲ့အတွက် အဲဒီမှာရှိတဲ့ ဒုက္ခသည် ၃၀၀၀ ဝန်းကျင်ဟာ ဖလူးကြီးရွာဘက်ကို ဒီကနေ့မနက် ကစပြီး ပြောင်းရွှေ့လိုက်ရတယ်လို့ တီးဖားတရားက ပြောပါတယ်။

KNU က ဖလူးကြီးရွာမှာရောက်နေတဲ့ ဒုက္ခသည် ကိန်းဂဏန်းအရေအတွက် အသေးစိတ်ကို စာရင်းကောက် နေသလို လောလောဆယ်မှာလည်း ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို တာဝန် ယူထားပါတယ်။