တန်ခိုးကြီးဘုရားတွေရဲ့ အလှူငွေ ရရှိမှုစာရင်း လွှတ်တော်ထံ နှစ်စဉ်တင်ပြမည်
2018.05.16
ရန်ကုန်တိုင်းဒေသကြီးအတွင်းက တန်ခိုးကြီးဘုရားတွေရဲ့ အလှူငွေရရှိမှုစာရင်းကို နှစ်စဉ် စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ထည့်သွင်းပြီး တိုင်းဒေသကြီးလွှတ်တော်ထံ တင်ပြသွားမယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးက တိုင်းလွှတ်တော်မှာ ဒီကနေ့ ပြောကြားခဲ့ပါတယ်။
ဘုရားတွေရဲ့ အလှူငွေစာရင်းကို တိုင်းဒေသကြီး စာရင်းစစ်ချုပ်က နှစ်စဉ် စာရင်းစစ်တယ်လို့ ဝန်ကြီးက ဖြေကြားပေ မယ့် အဲဒီစာရင်းကို တိုင်းလွှတ်တော်ကို တစ်ခါမှ မတင်ပြတာကြောင့် နှစ်စဉ် စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ထည့်သွင်းတင်ပြဖို့ ရှိ/မရှိ ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့တာဖြစ်တယ်လို့ ဒဂုံမြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။
"ကိုယ်စားလှယ်များတောင် တော်တော်ကို မျက်လုံးပြူးသွားတယ်၊ ဘုရားအလှူငွေ များတာပဲဆိုပြီးတော့လေ၊ ဘဏ်အတိုးတွေ ဘာတွေလေ၊ သူက ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖွဲ့ကနေ စစ်ပါတယ်လို့ ပြောတော့ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က စစ်လို့ရှိရင် လွှတ်တော်ကို အစီရင်ခံရမယ်၊ တခါမှ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကို ဘုရားတွေနဲ့ပတ်သက်လို့ အစီရင်ခံတာ မရှိဘူး၊ အန်ကယ်က ထပ်ပြီးတော့ မေးလိုက် တယ်၊ လူအများလည်း သာဓုခေါ်နိုင်အောင် အဲဒီစာရင်းစစ်ချုပ် အစီရင်ခံစာကို ပြည်သူတွေသိအောင် နှစ်စဉ် တစ်နှစ် တစ်ခါပေါ့၊ လွှတ်တော်ကို တင်လို့ရမလားဆိုတော့ ဝန်ကြီးကနေပြီးတော့ တန်ခိုးကြီး ဘုရားများကိုတော့ ရွှေတိဂုံ၊ ဗိုလ်တစ်ထောင်၊ ကမ္ဘာအေး၊ ဆူးလေ ပေါ့၊ အဲလောက်ကတော့ သူတင်ပြပါမယ် ဆိုတဲ့ ကတိကိုပေါ့၊ အဲလောက်ကတော့ အန်ကယ်တို့ ရလိုက်တာပေါ့နော်"
တိုင်းအတွင်း တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ ရွှေတိဂုံဘုရား အပါအဝင် ဘုရားစေတီတွေရဲ့ ဝေယျာဝစ္စ စီမံဆောင်ရွက် နေတဲ့ ဂေါပကအဖွဲ့ဝင် လူကြီးတွေ ရွေးချယ်မှု၊ ဘဏ်အသီးသီးမှာ အပ်နံှထားတဲ့ အလှူငွေ စုစုပေါင်းနဲ့ အတိုးငွေ တန်ဖိုး ရရှိခဲ့တဲ့ အလှူငွေ စုစုပေါင်းကို ဘုရားစေတီအလိုက် ဘယ်လောက် ရှိကြောင်းနဲ့ အဲဒီအလှူငွေတွေကို ဘဏ္ဍာရေး စည်းမျဉ်းနဲ့အညီ သုံးစွဲမှုရှိဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘယ်လိုဆောင်ရွက် ကြီးကြပ်ထားသလဲ ဆိုတာကို ဒဂုံမြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က မေးခွန်း မေးမြန်းခဲ့ တာ ဖြစ်ပါတယ်။
အဲဒီမေးခွန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက မေးမြန်းထားတာဖြစ်ပြီး ဒီနေ့မှာ တိုင်းအစိုးရအဖွဲ့ဘက်က လာရောက်ဖြေကြားတာဖြစ်တယ်လို့ ဦးကျော်ဇေယျ က ပြောပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရွှေတိဂုံစေတီတော်ကနေ ကျပ်ငွေဘီလီယံ ၆၇ သိန်းကျော်၊ အမေရိကန် ဒေါ်လာ ၁၅၂ သိန်းကျော် နဲ့ ငွေစုစာအုပ်တွေကနေ အတိုးရရှိမှုဟာ ၂၀၁၇ ခုနှစ်မှာ ငွေကျပ် သိန်း ၄,၇၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
အလားတူ ဆူးလေစေတီတော်က ငွေကျပ်သိန်း ၁၆ဝ ကျော်၊ အမေရိကန်ဒေါ်လာ ၈,၇၀၀ ကျော်၊ စင်္ကာပူ ဒေါ်လာ ၃၈ ဒေါ်လာ၊ ကမ္ဘာအေးစေတီတော်က ငွေကျပ်သိန်း ၈၉ဝ ကျော် အမေရိကန်ဒေါ်လာ ၂၁,၄၀၀ ကျော် ၊ ဗိုလ်တထောင်စေတီတော်က ၁၄၅ သိန်းကျော်၊ အမေရိကန်ဒေါ်လာ ၁၅၂ သိန်းကျော် နဲ့ စွယ်တော်မြတ် စေတီတော်ကနေ ၁၅၈ သိန်းကျော် အလှူငွေတွေ ရရှိထားတယ်လို့ ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။
အလှူငွေတွေကို သက်ဆိုင်ရာ စေတီတော်ဂေါပကအဖွဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ သြဝါဒါစရိယ ဆရာတော် ကြီးတွေရဲ့ သြဝါဒခံယူပြီး သုံးစွဲကာ ရရှိမှု/သုံးစွဲမှု အခြေအနေကို ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူးရုံးတွေနဲ့ တိုင်းဒေသကြီး သာသနာရေးမှူး ရုံးတွေထံ လစဉ်အစီရင်ခံ တင်ပြကြောင်းလည်း ဖြေကြားခဲ့ပါတယ်။
ရွှေတိဂုံစေတီ အပါအဝင် တန်ခိုးကြီးဘုရားစေတီတွေရဲ့ အလှူငွေ သုံးစွဲမှုကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေ နဲ့အညီ သုံးစွဲဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်လျက်ရှိကြောင်းလည်း ဝန်ကြီးရဲ့ ဖြေကြားမှုမှာ ပါရှိပါတယ်။