လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ငါးဦးကို လွတ်ငြိမ်းခွင့်နဲ့ IEC ပြန်လွှတ်
2024.05.09

ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါအဝင် ငါးဦးကို မေလ ၈ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က မေလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုအရ သူတို့ငါးဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ပြောပါတယ်။
"ကျွန်တော်တို့ ကရင်နီပြည်မှာက လွတ်ငြိမ်းခွင့်နဲ့ ကြီးကြပ်စစ်ဆေးရေး ဘုတ်အဖွဲ့ဆိုတာ ရှိပါတယ်၊ သူတို့ရဲ့အစီရင်ခံစာကိုလည်း အခြေခံတာလည်းပါတယ်။ နောက် အများဆုံးဖြတ်ချက်ပေါ့နော်၊ သူတို့က စည်းကမ်းကိုလည်း ဖောက်ဖျက်တာမရှိဘူး၊ ကျန်းမာရေးကလည်း ချို့ယွင်းလာတဲ့အပိုင်းလည်း ရှိတယ်။ အသက်ကြီးတဲ့သူတွေလည်း ဖြစ်တော့ ဒီအကြောင်းအရာကိုတွေကို ထောက်ထားပြီးတော့မှ လူသားချင်းစာနာထောက်ထားမှုအရ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါ ငါးဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ လွိုင်ကော်တက္ကသိုလ်ကနေ ခေါ်ထုတ်လာတဲ့ ဝန်ထမ်းတွေအပြင် သူတို့ရဲ့မိသားစု ခုနစ်ဦးစလုံးကတော့ သက်ဆိုင်ရာနေရပ်ကို ပြန်ရောက်သွားပါပြီ၊ မကျန်တော့ပါဘူး။"
အသက် ၅၉ နှစ်အရွယ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်နဲ့ အသက် ၅၄ နှစ်အရွယ် ဒုပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် စုစုပေါင်း ၂၀၄ ဦးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် လွိုင်ကော်မြို့မှာ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ခေါ်ထုတ်ထိန်းသိမ်းခဲ့တာပါ။
ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်လိုက်ပြီး အဲဒီထဲက ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နဲ့ သူ့ရဲ့မိခင်၊ ကထိကနဲ့ တာဝန်ရှိသူတစ်ဦး စုစုပေါင်း ငါးဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ထောင်ဒဏ် နှစ်နှစ်အပြင် ငွေဒဏ် ကျပ်ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။