လွိုင်ကော်မှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ ဒေသခံသုံးဦး သေဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ဇူလိုင်လ ၁၁ ရက် ဒီကနေ့မနက်ပိုင်း စစ်ကောင်စီ တပ်ယာဉ်တန်းက ဖြတ်သန်းသွားတဲ့ လမ်းတစ်လျှောက် ပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) က RFA ကိုပြောပါတယ်။

စစ်ထရပ်ကား ဆယ်စီးကျော်ပါတဲ့ ယာဉ်တန်းဟာ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကနေ လွိုင်ကော်မြို့နယ်ထဲကို ဒီမနက် ၇ နာရီဝန်းကျင်က ဝင်ရောက်လာပြီး လမ်းတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုတွေကြောင့် ကုန်းသာရွာက အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ နွားလဝိုးဈေးက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့တာလို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"လမ်းတစ်လျှောက်လုံး ကားပေါ်ကနေ သေနတ်ပစ်ခတ်တာတွေလုပ်တော့ အဲဒီမှာမှ ကုန်းသာရွာနဲ့ နွားလဝိုးဈေးမှာက ပြည်သူတွေထိခိုက် သေဆုံးတာတွေ ရှိတာပေါ့။ ရမ်းသန်းပြီးပစ်တာပေါ့ အော်တိုဆွဲပြီးပစ်တာ။ အလောင်းကတော့ ပြန်ရထားပါတယ်"

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရရှိထားပေမယ့် အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ ဦးအောင်ဝင်းဦးကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

PKPF က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း အရပ်သား ၃၆၅ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။