လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ ဒေသလေးခုမှာ မိုးကြီးနိုင်

RFA Burmese
2024.11.06
လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ ဒေသလေးခုမှာ မိုးကြီးနိုင် တောင်ငူမြို့နယ်မှ ရေဘေးဒုက္ခကြုံတွေ့နေသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူမှုကူညီရေးအဖွဲ့များ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေစဉ်။
Kyaw Thu Ya

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတွေကြောင့် နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့အတွင်း မြန်မာနိုင်ငံရဲ့ ဒေသလေးခုမှာ မိုကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က RFA ကို နိုဝင်ဘာ ၆ ရက် ဒီနေ့မှာ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်းမြောက်ပိုင်းနဲ့ ဧရာ၀တီတိုင်းတို့မှာ မိုးကြီးနိုင်ပြီး အဲဒီအထဲမှာ ဧရာဝတီတိုင်းကတော့ မိုးရေချိန် ၄ ဒသမ ၅၁ လက်မအထိ ရွာသွန်းနိုင်ပြီး အများဆုံး ဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

“ရှမ်းပြည်နယ်မှာလဲ မိုးရေချိန် ၃ ဒသမ ၄၂ ကနေ ၃ ဒသမ ၃၇ လက်မအထိ ရွာနိုင်တာကြောင့် အရင်မြေပြိုထားတဲ့နေရာတွေမှာ သတိထားရမဲ့ အခြေအနေရှိပါတယ်”

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်ပြီး ရာနှုန်းပြည့် မိုးရွာမယ်လို့ နိုဝင်ဘာ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၅ ရက် မနေ့က ညပိုင်းကတော့ ပဲခူးတိုင်း ပြည်မြို့မှာ မိုးသည်းပြီး လေပြင်းတိုက်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က ည ၁၂ နာရီလောက်က လေတွေတိုက်ပြီး မိုးတွေ တော်တော်ရွာတယ်။ မိုးရွာ၊ လေပြင်းတိုက်၊ လျှပ်စီးတွေ လက်ပြီး မိုးကြိုးတွေလည်း ပစ်တယ်”

နိုဝင်ဘာ ၂ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် နေအိမ် လေးဆယ်ခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်ဟာ မိုးစပါးတွေ ရင့်မှည့်ပြီး ရိတ်သိမ်းချိန် ရောက်နေတာကြောင့် မိုးများပြီး စပါးတွေ ပျက်စီးဆုံးရှုံးမှာကို လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေ စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။