မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ရွာတွေကို ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်းမှာ အင်အားရှယ်ဆယ်ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံ တစ်ထောင်နီးပါး ဘေးလွတ်ရာထွက်ပြေးခဲ့ရပြီး အရပ်သား တစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ဆင်ကုန်းရွာခံ အသက် ၅၀ အရွယ် ဦးတင်ကြိုင် ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
"မနက် လေးနာရီထိုးလောက် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ရောက်လာတာ။ ၆၀ လောက်ပါတဲ့တစ်ဖွဲ့က ဆင်ကုန်းရွာကို ဝင်တာ။ အဲရွာက အသက် ၅၀ အရွယ် ယောကျ်ားတစ်ယောက် အသတ်ခံရတယ်။ ကျွန်တော်တို့ သိရှိမှုအရကတော့ သူ့ကို PDF ပါဆိုပြီး သတ်သွားတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒေသခံတွေကို စုံစမ်းလိုက်တဲ့ အခါမှာကျတော့ သူက PDF မဟုတ်ဘူး။ မနက်စောစော ဝင်လာတဲ့အခါမှာ သူက ပြည်သူတစ်ယောက်အနေနဲ့ ယုံကြည်ထားလို့ အသတ်ခံရသလားတော့ မသိဘူး။ ခေါင်းတစ်ခြမ်းလုံး ကြေမွသွားတာဆိုတော့ ထုနှက်ရိုက်သတ်သွားတာ ဖြစ်နိုင်လောက်တယ်ခင်ဗျ"
အဲဒီစစ်ကြောင်းဟာ သူဌေးကုန်းရွာက နေအိမ်နှစ်လုံးကိုမီးရှို့ခဲ့ပြီး ရွာထဲက မော်တော်ဆိုင်ကယ်နဲ့ ပစ္စည်းတချို့ကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ဆင်ကုန်း၊ သူဌေးကုန်း၊ စိန်ပန်းကုန်း၊ သမင်ခြုံ၊ ပိုဝ(တောင်)၊ ပိုဝ (မြောက်) စတဲ့ရွာတွေက ဒေသခံ တစ်ထောင်ခန့် ဘေးလွှတ်ရာကိုထွက်ပြေးခဲ့ရပြီး ဒီနေ့မှာ စစ်ကြောင်းပြန်သွားတာကြောင့် အများစု ရွာတွေထဲ ပြန်ဝင်ကြတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဇန်နဝါရီလ ၁၆ ရက်ကလည်း မတ္တရာမြို့နယ်အနောက်ခြမ်းက သဖန်းဒေါင့်ရွာ မီးရှို့ခံခဲ့ရပြီး ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၆ သန်းကျော်အထိ ရှိလာပြီဖြစ်ပါတယ်။