မဲဆောက်မှာ မြန်မာတွေနေတဲ့ တိုက်ခန်းတွေကို ထိုင်းအာဏာပိုင်တွေ ထပ်မံစစ်ဆေး

RFA Burmese
2023.03.23
Share on WhatsApp
Share on WhatsApp
မဲဆောက်မှာ မြန်မာတွေနေတဲ့ တိုက်ခန်းတွေကို ထိုင်းအာဏာပိုင်တွေ ထပ်မံစစ်ဆေး ၂ဝ၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်က မြန်မာနိုင်ငံသားများနေထိုင်သည့် မီဂါဟုမ်းကုန်တိုက် အနောက်ဘက်က အိမ်ရာအား မြင်တွေ့ရစဉ်။
Citizen Journalist

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်ပရပ်ကွက်မှာရှိတဲ့ မီဂါဟုမ်းကုန်တိုက် အနောက်ဘက်က အိမ်ရာကို ထိုင်းအာဏာပိုင်တွေက မတ်လ ၂၃ ရက် မနက် ၁၁ နာရီလောက်မှာ ဒုတိယနေ့အဖြစ် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

မတ်လ ၂၂ ရက်နေ့မှာ အဲဒီမယ်ပရပ်ကွက်က မာလွေလေးထပ် အိမ်ရာတိုက်တန်းနှစ်ခုကို ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေ ဝင်ရောက် စီးနင်းစစ်ဆေးခဲ့ပြီး၊ နောက်တစ်နေ့မှာ အဲဒီနေရာကို ဝင်ရောက်စစ်ဆေးတာပါ။

ဒုတိယနေ့ ဝင်ရောက်စစ်ဆေးတဲ့ တိုက်ခန်းတွေမှာတော့ မဲဆောက်ခရိုင်ထဲမှာ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရှိတဲ့ အထောက်အထားရှိကြတဲ့အတွက် အဖမ်းခံရတဲ့သူမရှိခဲ့ပါဘူး။

ဒါကြောင့် ထိုင်းအာဏာပိုင်တွေက သူတို့ကို ဓာတ်ပုံမှတ်တမ်းရိုက်တာ၊ ကိုယ်ရေးအချက်အလက်ယူတာတွေပဲ လုပ်ပြီးပြန်သွားကြတယ်လို့ စစ်ဆေးခံရတဲ့ မယ်ပရပ်ကွက် ဟက်ပီးအင်း (Happy Inn) တည်းခိုခန်းအိမ်ရာနားမှာ နေတဲ့သူတစ်ယောက်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီ MEGA Home ကုန်တိုက်အနောက် Happy Inn (တည်းခိုခန်း) နားကို တောမော (လဝက) ဝင်တာပေါ့နော်။ အဓိကကတော့ အဲဒီနေရာမှာရှိတဲ့ ကျွန်တော်တို့ အိမ်ခန်းတွေ၊ ဆိုင်ခန်းတွေက လူတွေကို ဝင်စစ်တယ်ပေါ့နော်။ သတင်းရလို့လာတာလား ဘာလားတော့ သေချာမသိဘူး။ ဒါပေမဲ့ အဲဒီမှာ အိမ်တစ်အိမ်ကိုတော့ သူတို့ဝင်ရှာတယ်။ ဝင်ရှာတော့ အဲဒီနားဝန်းကျင်မှာနေတဲ့သူ တော်တော်များများမှာ ပန်းရောင်ကတ်ရှိတဲ့လူတွေ များတယ်။ မယ်တော်ဆေးခန်းကတ် ကိုင်ထားတဲ့လူ တွေများတယ်။ ဒါကြောင့် ဖမ်းတာဆီးတာတွေတော့ မလုပ်သွားဘူးပေါ့နော်။ ဒီအတိုင်းပဲ အကုန်လုံးကို စစ်ဆေးပြီးတော့ ပြန်သွားတယ်။”

မတ်လ ၂၂ ရက်နေ့က ဝင်စစ်ဆေးတဲ့ လေးထပ်အိမ်ယာဝင်းဖြစ်ရပ်မှာ ဖမ်းသွားတယ်ဆိုတဲ့ မြန်မာလူငယ်နှစ်ယောက်လည်း မနေ့က ပြန်လွတ်လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။