ပြည်ပလွှမ်းမိုးခြယ်လှယ်မှုတွေကို လက်မခံကြောင်း သောင်ရင်းဆွေးနွေးပွဲ ထုတ်ပြန်

RFA Burmese
2025.02.01
ပြည်ပလွှမ်းမိုးခြယ်လှယ်မှုတွေကို လက်မခံကြောင်း သောင်ရင်းဆွေးနွေးပွဲ ထုတ်ပြန် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က မဲဆောက်မြို့တွင် ကျင်းပသည့် သောင်ရင်းဆွေးနွေးပွဲ တက်ရောက်လာသူများအား တွေ့ရစဉ်။
RFA

မြန်မာ့ပြည်တွင်းရေးကို အိမ်နီးချင်းတရုတ်အပါအဝင် ပြည်ပနိုင်ငံတချို့က ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးခြယ်လှယ်နေတာတွေကို လက်မခံဘူးလို့ သောင်ရင်းဆွေးနွေးပွဲက သဘောထား ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နွေဦးတော်လှန်ရေးနဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုအတွက် သောင်ရင်းဆွေးနွေးပွဲဆိုတဲ့ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပြီး အချက် ဆယ်ချက်ပါတဲ့ သဘောထားကြေညာချက် ထုတ်ပြန်တာပါ။

အဲဒီပွဲမှာ ခေတ်အဆက်ဆက်က နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ CDM အင်အားစုတွေ၊ သမဂ္ဂအဖွဲ့ ဝင်တွေ၊ သပိတ်အဖွဲ့ဝင်တွေ၊ မြေပြင်ခုခံတော်လှန်ရေး အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး သုံးသပ်သူတွေ ပါဝင်ဆွေးနွေးကြပါတယ်။

စစ်ကောင်စီကို သက်ဆိုးရှည်စေဖို့ လုပ်ဆောင်နေတဲ့ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုတွေကို လက်မခံဘူးလို့ သောင်ရင်းဆွေးနွေးပွဲမှာပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောပါတယ်။

"တရုတ်အစိုးရက အကြမ်းဖက် စကစ သက်ဆိုးရှည်စေဖို့ ရွေးကောက်ပွဲပေါ့၊ ငြိမ်းချမ်းရေးပေါ့၊ တွေ့ဆုံဆွေးနွေးရေးပေါ့၊ အဲဒါတွေနဲ့ ကျွန်တော်တို့အင်အားစုအပေါ် ဖိအားတွေပေးနေတယ်၊ ဝင်ရောက် စွက်ဖက်နေတယ်၊ အာဆီယံက မူ ငါးချက်ရှိတယ်၊ ဒီ ငါးချက်ကိုသဘောတူပါတယ်ဆိုပြီး အကြမ်းဖက် စကစ က လက်မှတ် ထိုးထားလာတာ၊ အဲဒီငါးချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ နေနေသာသာ ချိုးဖောက်နေဆဲပဲ၊ ဒီမူ ငါးချက်ကို အာဆီယံရဲ့ခေါင်းပေါ်တင်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးဆိုတာက အဖြေလည်းရမှာမဟုတ်ဘူး မြန်မာ့နိုင်ငံရေးရဲ့ထွက်ပေါက်လည်း မဟုတ်ဘူး"

စစ်တပ်ကအာဏာသိမ်းခဲ့လို့ ဖြစ်ပေါ်လာတဲ့တော်လှန်ရေးဟာ မြန်မာ့ပြည်တွင်းရေးလို့ တရုတ်အစိုးရက အရင်က ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိအားပေးတာ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ မပတ်သက်ဖို့ ဖိအားပေးတာတွေကြောင့် ရှေ့နောက်မညီဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။