ဆောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး လက်နက်နဲ့တကွ PDF ထံ ခိုလှုံလာ

RFA Burmese
2025.01.08
ဆောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး လက်နက်နဲ့တကွ PDF ထံ ခိုလှုံလာ ဆောမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်နဲ့တကွ PDF ထံ ခိုလှုံလာသည်အား တွေ့ရစဉ်။
အမှတ်-၁ စစ်ဒေသ ဓာတ်ပုံ

မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီတပ်သား ငါးဦးနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း ခြောက်ဦး လက်နက်နဲ့တကွ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထံ ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမှတ် (၁) စစ်ဒေသက ဇန်နဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ဇန်နဝါရီလ ၆ ရက်နေ့မှာ စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာချိန် စစ်ကောင်စီတပ်သား ငါးဦးက သေနတ်၊ လက်ပစ်ဗုံးနဲ့ ခဲယမ်းတွေ ယူဆောင်လာပြီး PDF ထံ လာရောက်ခိုလှုံတာလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ဆောမြို့မရဲစခန်းက ရဲတပ်သား တစ်ဦး လက်နက်နဲ့တကွ PDF ထံ လာရောက်ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

ဆောမြို့နယ်ဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နဲ့ ထိစပ်နေပြီး ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် ကန်ပက်လက်မြို့နယ်ကနေ ဆောမြို့နယ်ထဲကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့ကတော့ ဆောမြို့နယ် လောင်းရှည်ဒေသက ရင့်ရဲချောင်းနဲ့ လှော်ကားရွာတွေအနီးမှာ စစ်ကောင်စီတပ်သား ခြောက်ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ အမှတ် (၁) စစ်ဒေသက ဖော်ပြပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ဆောမြို့နယ် လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးကို ဒဏ်ရာနဲ့ ဖမ်းမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။