ပေါက်မှာ တောင်ကျရေကြောင့် နေအိမ်တချို့ ရေစီးနဲ့မျောပါ

RFA Burmese
2024.10.25
ပေါက်မှာ တောင်ကျရေကြောင့် နေအိမ်တချို့ ရေစီးနဲ့မျောပါ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ရေကြီးနေမှုအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနပေါက်မြို့ ဓာတ်ပုံ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အောက်တိုဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီအချိန်မှာ တောင်ကျရေကြောင့် ရွာသုံးရွာက နေအိမ် ၁၁ လုံး ရေထဲမျောပါ ပျက်စီးခဲ့ပြီး လူပေါင်း ၁၂၀၀ ခန့် ရေဘေးကြုံနေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ရေဘေးကြုံရတဲ့ ရွာတွေက ရှခွကြီးရွာ၊ မုံတောရွာနဲ့ ဆူးလေကုန်းရွာတွေဖြစ်ပြီး နေအိမ် ၃၃ လုံးကိုလည်း တောင်ကျရေလွတ်မဲ့နေရာကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာ မိုးကအဆက်အပြတ် ရွာသွန်းခဲ့တာကြောင့် ချောင်းအနီးပတ်ဝန်းကျင်က ကျေးရွာတွေ ရေဘေးကြုံခဲရတာလို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ယောချောင်း၊ ကျောချောင်း အစပ်မှာရှိတဲ့ ကျေးရွာတွေကို တောင်ကျရေ တရှိန်ထိုး စီးဆင်းတယ်။ အဲနေ့မနက်ပိုင်းထဲက မိုးက ရွာနေတာ ညဦးပိုင်းကျမှ မိုးကသည်ထန်းစွာ ရွာတဲ့အခါကျတော့ အဲဒီအစပ်မှာရှိတဲ့ နေအိမ်တွေ ရေထဲမျောပါကုန်တာပေါ့"

နေအိမ်မျောပါ ဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စုတစ်စုကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ကျပ်ငွေ တစ်သိန်းခွဲနှုန်း၊ ရေဘေးကြောင့် အရေးပေါ်ရွှေ့ပြောင်းရတဲ့ အိမ်ထောင်စု တစ်စုကို ငါးသောင်းကျပ်နှုန်း ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နေအိမ်ဆုံးရှုံးခဲ့သူတွေနဲ့ အရေးပေါ် ပြောင်းရွှေ့နေသူတွေဟာ ယာယီတဲတွေမှာ နေထိုင်နေကြပြီး ထောက်ပံ့ကူညီမှုတွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သတ်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိုးသည်းထန်ပြီး ရေလျှံတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နဲ့အနီးတစ်၀ိုက်မှာ အိမ်ထောင်စု သုံးရာခန့် ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။