ဘာသာအချင်းချင်း အပြန်အလှန်လေးစားတဲ့အနေနဲ့ ဗုဒ္ဓဘာသာ အသုံးအနှုန်းတွေဖြစ်တဲ့ သံဃာ၊ သင်္ကန်း၊ ရဟန်း အစရှိတဲ့ အသုံးအနှုန်းတွေကို တခြားသာဘာတွေက အသုံးပြုတာမျိုးမလုပ်ဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က သာသနာရေးဦးစီးဌာနကနေတဆင့် ဘာသာပေါင်းစုံအဖွဲ့အစည်းတွေထံ အကြောင်းကြားထားပါတယ်။
ဗုဒ္ဓဘာသာအသုံးအနှုန်းတွေကို ယူသုံးမယ်ဆိုရင် အငြင်းပွားမှုတွေဖြစ်ပြီး အမုန်းတရားတွေဖြစ်ပေါ်လာနိုင်တဲ့ အတွက် မယူသုံးဖို့ မဟနက မေတ္တာရပ်ခံထားတာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။
"ဘာသာတစ်ခုနဲ့ တစ်ခုကြား အငြင်းပွားဖွယ်၊ အမုန်းတရားများဖြစ်ပေါ်လာပြီး ဆိုးကျိုးများသာဖြစ်ပေါ်နိုင်တဲ့ အတွက် ဆရာတော်ကြီးတွေကနေပြီး ဘာသာအချင်းချင်း အပြန်အလှန်လေးစားသောအားဖြင့် ထေရဝါဒ အသုံးအနှုန်းများကို အခြားဘာသာများ ထုတ်ယူသုံးစွဲခြင်း မပြုလုပ်သင့်ကြောင်း အဲဒါလေး မေတ္တာရပ်ခံ တာပေါ့နော်။ အဲဒါလေးနဲ့ပတ်သက်ပြီး ကျနော်တို့က အကြောင်းကြားခြင်းဖြစ်ပါတယ်"
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ကျင်းပခဲ့တဲ့ ခရစ်ယာန်သင်းအုပ်ဆရာများ ဝတ်စုံလှူဒါန်းပွဲမှာ သံဃာတော်များလို့ သုံးစွဲခဲ့ဖူးတာရှိသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စစ်ကိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ခရစ်ယာန်ဘာသာရေး အခမ်းအနားတစ်ခုမှာလည်း ရဟန်းခံဂုဏ်ပြုပွဲလို့ သုံးနှုန်းထားတာတွေ ရှိခဲ့ကြောင်း မဟနရဲ့ အကြောင်းကြားစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ မေတ္တာရပ်ခံစာကို သာသနာရေးဦးစီးဌာနက မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်ကောင်စီ၊ မြန်မာနိုင်ငံ ခရစ်ယာန်နှစ်ခြင်းအသင်းချုပ်၊ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များ အဖွဲ့ချုပ် အပါအဝင် အစ္စလာမ်အဖွဲ့အစည်း ၅ ဖွဲ့နဲ့ ဟိန္ဒူအဖွဲ့ချုပ်တို့ထံ ထပ်ဆင့်အကြောင်းကြားထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလိုအသုံးအနှုန်းတွေကြောင့် အမုန်းတရားတွေဖြစ်လာမယ်ဆိုရင် တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်နိုင် တယ်လို့ ဦးအောင်ဆန်းဝင်းက ပြောပါတယ်။